ဆွဲဆောင်မှုရှိပြီး ချောမောလှပသော မိန်းကလေးတစ်ဦးနှင့် စတင်တွေ.ဆုံ စကားဖောင်ဖွဲ.ပါက မနောခွေ.သွားစေမည့်
အကောင်းဆုံး စကားကြီး (၁၀)ခွန်းကို ကမ္ဘာတစ်ဝန်းရှိ လူပေါင်း (၄၀၀) ကျော်အား မေးမြန်းထားပြီး ဗြိတိန်နိုင်ငံက စစ်တမ်းတစ်ခုကို
ထုတ်ပြန်ခဲ့သည် ။
တစ်စုံတစ်ယောက်နှင့် အထူးသဖြင့် မိန်းကလေးတစ်ယောက်နှင့် စကားပြောဆိုပါက ဟာသဥာဏ်ရှိခြင်းသည်သာ
အကောင်းဆုံး စွဲဆောင်နိုင်သော နည်းလမ်းဖြစ်ကြောင်း စစ်တမ်းတွင် ဖြေဆိုသူ ၅၀% ကျော်က ဖြေဆိုကြသည် ။
(၁) မင်းအဖေက စောရတစ်ယောက်ဖြစ်နိုင်တယ် ။
ဘာလို.လဲဆိုတော့ သူက ကြယ်တွေကို ခိုးပြီး မင်းမျက်ဝန်းတွေထဲ ထည့်ထားလို.လေ ။
ကာလမ်ဘတ်စ် ( ဗြိတိန် နှင့် အမေရိကန် မော်ဒယ်လ်ဟောင်း )
(၂) တကယ်လို.သာ အက္ခရာတွေကို ပြန်စီလို.ရမယ်ဆိုရင် U နဲ. I ( မင်းနဲ့ ငါ ) အတူကပ်ပြီး ထားလိုက်ချင်တယ် ။
ကာရိုး ဗွန်ဒါမန် ( ကစားပွဲ အစီအစဉ် Countdown ကိုတင်ဆက်သူ)
(၃) ကိုယ် နတ်ပြည်ရောက်နေတာဖြစ်ရမယ် ။
နတ်သမီးလေးတစ်ပါးကို တွေ.နေရလို.လေ...။
မာရီယို မာကိုနီ (ဗြိတိန် နာမည်ကြီး ရုပ်သံ ဇါတ်လမ်းတွဲများတွင် ပါဝင်ခဲ့သူ )
(၄) မင်း မိုးပေါ်ကကျလာတုန်း ခိုက်မိသွားသေးလား ။
ခရစ်တီယာနို ရော်နယ်လ်ဒို ( မန်ယူ နှင့် ရီယဲလ် ကစားသမားဟောင်း )
(၅) ရော့ ..ဒီမှာ ဆယ်ပြား..။ မင်းအမေကို ဖုန်းဆက်လိုက် ။ ဒီည ပြန်မလာတော့ဘူးလို. ..။
ဂျိုဒီးမားရှ် ( ဗြိတိန် မော်ဒယ်လ်နဲ. သရုပ်ဆောင် )(၆) မင်းကို ဖမ်းလိုက်ပြီ..။ ငါ့ အိပ်မက်ထဲ အခွင့်မရှိဘဲ ၀င်လာလို. ။
ရိုင်းစ်အိုင်ဖန်း ( ဝေလနယ်သား သရုပ်ဆောင် )
(၇) နဲနဲ ကြမ်းလို. ဆင်ဆာဖြတ်ပါတယ် ခင်ဗျာ ။
(၈) မင်းမောနေပြီ မဟုတ်လား။ တနေကုန် ငါ့စိတ်ထဲမှာ ပြေးလွားနေရလို.လေ..။
လီရှပ် ( မန်ယူ ကစားသမားဟောင်း နှင့် ရုပ်သံတင်ဆက်သူ )
(၉) နဲနဲ ဗြောင်ကျလို. ဆင်ဆာဖြတ်ပါတယ်ခင်ဗျာ ။
(၁၀) မင်းမှာ မြေပုံ ရှိလား..။ ငါ မင်းမျက်ဝန်းတွေထဲမှာ လမ်းပျောက်နေလို. ။
ဒါးရီးယပ် ဒန်နက်ရှ် ( စကော့တလန် အဆိုတော် ၊ သီချင်းရေးဆရာ )
http://answerfriends.multiply.com မှ ကူးယူတင်ပြသည် ။
WARNING !
Showing posts with label အချစ်. Show all posts

Sunday, 9 October 2011
အချစ်ကြောင့် မှားကြတယ်
သဘာဝကို ရှာဖွေခြင်း (သို့မဟုတ်) မှားယွင်းမှုရဲ့ အစတစ်မျှော် တစ်ခေါ် လယ်ကွင်း ပြင်ထဲက ဖူးသစ်စ စပါးပင် စိမ်းစိမ်းတွေဟာ တိုက်ခတ် လာတဲ့ လေပြည်၊ လေညင်း တွေကြောင့် အစိမ်းရောင် ရေလှိုင်းတွေလို အိခနဲ၊ အိခနဲ ကြည့်လို့ ကောင်းနေ ခဲ့ပါတယ်။
ဟိုးဝေးဝေး သံလွင်မြစ်ကမ်း နံဘေးမှာ ပေါက်ရောက် နေတဲ့ ဓနိပင်တန်း စိမ်းမှောင်မှောင်တွေဆီက ထပျံလာဟန်ရှိတဲ့ ငွေဗျိုင်းဖြူ တစ်ကောင်ဟာ တောင်ပံဖြန့်၊ လေဟုန်စီးရင်း ကျွန်တော် ရပ်နေရာနဲ့ သိပ်မဝေးလှတဲ့ မီးရထား သံလမ်းနားက ချောင်းကလေး ရှိရာကို နိမ့်ကျဝဲပျံ ဆင်းသက် သွားခဲ့ပါတယ်။ စတိုင် ဘောင်းဘီရှားညို ရောင်ကို ခြေသလုံးသားပေါ်တဲ့အထိ ခေါက်လိပ်ပြီး ထရွိုင် စပို့ရှပ် ဆင်စွယ်ရောင်နဲ့ ဦးထုပ် အဖြူရောင် ဆောင်းထားတဲ့ ကျွန်တော်က ဖိနပ်စီး မလာတဲ့ အတွက် ခြေထောက်ဖြူဖြူတွေ ပေါ်မှာ ပေကျံနေတဲ့ ရွှံ့စက်တွေကို လယ်ကွက်ထဲက ရေတချို့နဲ့ ခြေတစ်ဖက်ခတ် ဆေးကြောလိုက်ပြီး ကျောပိုးအိတ်ထဲက ကင်မရာကို ထုတ်လိုက်ပါတယ်။ မီးရထား သံလမ်းနဲ့ အပြိုင် ပေါက်ရောက်နေတဲ့ ထန်းပင်တန်း တွေ ကြားထဲမှာ နွားနှစ်ကောင်ကို ခပ်ဖြည်းဖြည်း ဆွဲခေါ်သွားတဲ့ လယ်သမား တစ်ယောက်ရဲ့ ပုံဟန်ဟာ ကျွန်တော့် အာရုံကို ဖမ်းစားလိုက်တဲ့ အတွက် အဲဒီ ရှုခင်းကိုပဲ အမိအရ ဓာတ်ပုံ ရိုက်လိုက်ပါတယ်။
“ကလစ်”
“ကလစ်”
ဒီလိုနဲ့ပဲ ကျွန်တော့် စိတ်ထဲမှာ သဘာဝကျကျ လှပ နေတယ်လို့ ထင်မိသမျှ ရှုခင်း၊ ရှုကွက်တွေကို မပြတ်တမ်း ဓာတ်ပုံ ရိုက်နေပြီး တစ်နာရီလောက် ကြာလာမှ ရေငတ်ရ ကောင်းမှန်း သိလိုက်ရပါ တယ်။ မော်လမြိုင်မြို့နဲ့ သိပ်မဝေး လှတဲ့ အမေ့ဇာတိ ကော့ရပ်ရွာကို နာရေးကိစ္စ တစ်ခုကြောင့် ရောက်လာရင်း ကျွန်တော် ငယ်စဉ်က လျှောက်သွားခဲ့ဖူးတဲ့ ရွာနီး ချုပ်စပ်တွေကို ကြည့်ချင်လာတဲ့ အတွက် တူတစ်ယောက်ရဲ့ စက်ဘီး ငှားစီး လာခဲ့မိတဲ့ ကျွန်တော်ဟာ ကျောပိုး အိတ်ထဲမှာ ရေသန့်ဘူး ပါမလာတာကို သတိ ရလိုက်ပြီး ခပ်လှမ်းလှမ်းမှာ ရှိတဲ့ လယ်တဲတစ် လုံးဆီ လျှောက်သွားခဲ့ပါတယ်။ လူသူ တစ်ယောက်မှ မရှိတဲ့ လယ်တဲထဲက သောက် ရေအိုးမှာ ရေအ၀ သောက်လိုက်ပြီး တဲအတွင်းဘက်ကို အကဲခတ် ကြည့်မိတဲ့အခါ ခေါင်းအုံး ညစ်ညစ်တစ်လုံး၊ စောင်စုတ် တစ်ထည်၊ ဖျာဟောင်းတစ်ချပ်၊ ရေနံဆီမီး ခွက်တစ်လုံးနဲ့ အိုးခွက်၊ ပန်းကန်တချို့ကို တွေ့ရပါတယ်။ တဲခေါင်းရင်းဘက် ၀ါးကပ်စင် ပေါ်မှာတော့ သပြေ ပန်းအိုး တစ်လုံးနဲ့ ဘုရားပုံ တော်တစ်ခု ချိတ်ဆွဲထားတာ ကို သတိပြုမိပါတယ်။ ဒါပေမဲ့ ဘုရားစင်အောက်က ၀ါးထရံမှာ ညှပ်ထားတဲ့ ပလတ်စတစ် လောင်းထားတဲ့ ဓာတ်ပုံ တစ်ပုံကို မြင်လိုက်ရတဲ့ အခါမှာတော့ ကျွန်တော့် ရင်ထဲမှာ လှပ်ခနဲ ဖြစ်သွားရ ပါတယ်။
“လှဌေး ပုံများလား”
နှုတ်က တိုးဖွဖွ ရေရွတ်လို့ ဓာတ်ပုံကို သေချာစူးစမ်း ကြည့်ရင်း ဓာတ်ပုံ နောက်ကျောက ကျွန်တော့် လက်ရေးတွေကို မြင်လိုက်ရတဲ့ အခါမှာ တော့ ကျွန်တော့် အထင်အမြင်တွေ မှန်သွားပြီ ဆိုတာ သိလိုက်ရပါတယ်။ ဒီဓာတ်ပုံဟာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ကျွန်တော် ကိုယ်တိုင် လှဌေးကို ရိုက်ပေးခဲ့တဲ့ ပုံပါပဲ။ ရန်ကုန်မှာ မွေးဖွားပြီး အသက် ၅ နှစ် အရွယ်မှာ မိဘမဲ့ ဘ၀ ရောက်ခဲ့ရတဲ့ ကျွန်တော်ဟာ အမေ့ အမျိုး တွေ ရှိရာ ရွာမှာပဲ ကြီးပြင်းခဲ့ ရပါတယ်။ လှဌေး အပါ အ၀င် ရွာက သူငယ်ချင်းတွေ နဲ့ ရွာကျောင်းမှာပဲ ၉ တန်း အောင်ခဲ့ပြီး နောက်ပိုင်း ရန်ကုန်က အဖေ့ အမျိုးတွေဆီ ပြန်ရောက်သွားတဲ့ အခါ အဆင်ပြေ ချောမွေ့မှုများစွာ ထဲမှာ ကျွန်တော့်ဘ၀ နေသား ကျခဲ့ပါတယ်။ ဒီလိုနဲ့ပဲ လွန်ခဲ့တဲ့ ၁၀ နှစ်၊ ကျွန်တော် ဘွဲ့ယူ အပြီးမှာတော့ ရွာက အမျိုးတွေ စုပေါင်း ရှင်ပြုပွဲ လုပ်တဲ့အတွက် ရွာ ရောက်လာခဲ့တဲ့ ကျွန်တော်ဟာ ငယ်သူငယ်ချင်း လှဌေးနဲ့ ပြန်ဆုံခဲ့ကြပြီး ရန်ကုန် မပြန်မချင်း မူးရူးသောက်စား လည်ပတ် နေခဲ့ရင်းက ကျွန်တော့်မှာ ပါလာတဲ့ ကင်မရာနဲ့ လှဌေးကို အမှတ်တရ ဓာတ်ပုံတစ်ပုံ ရိုက်ပေးခဲ့တာ မှတ်မိ နေပါသေးတယ်။
လှဌေး မဆုံးခင် ဒီတဲမှာ နေသွား ဖူးသလား။ တဲရှင်နဲ့ လှဌေး ဘယ်လို ပတ်သက် နေသလဲ။ ကော့ရပ်ရွာနဲ့ တစ်ရွာလောက်သာ ခြားတဲ့ ဒီနားက ရွာပြင် တဲတစ်လုံး ပေါ်မှာ ဒီဓာတ်ပုံ ဘယ်လိုက ဘယ်လို ရောက်နေသလဲလို့ စဉ်းစားမရ ဖြစ်နေစဉ်မှာပဲ တဲ အပြင်က နေပြီး ကျွန်တော့်ကို ရပ်ကြည့်နေတဲ့ လယ်သမားကြီး တစ်ယောက်ကို တွေ့လိုက် ရပါတော့တယ်။
“ခွင့်မတောင်းဘဲ ရေ၀င်သောက်ပြီး ခဏ နားနေမိတာ ခွင့်လွှတ်ပါ ဘကြီး။ ရေကလည်း ဆာ၊ လူကလည်း မရှိဆိုတော့ ကျွန်တော်လည်း”
“ရပါတယ်၊ ရပါတယ် ငါတူရယ်။ ခွင့်တောင်းစရာ မလိုပါဘူးကွယ်။ ဘကြီး တို့ လယ်တဲတွေမှာက ဒီလိုပဲ လူရှိရှိ၊ မရှိရှိ ဘယ်သူမဆို ၀င်ထွက် နားနေတတ်ကြ တာပါပဲ။ ရေသောက်ရုံတင် မက တဲထဲမှာ စားစရာ သောက်စရာ ရှိလို့ စားသောက် သွားကြပါစေဦး ဘယ်တဲရှင်မှ စိတ်မဆိုး တတ်ကြဘူး။ ရွာဓလေ့ပဲ ဆိုပါတော့ကွယ် ဟင်း ဟင်း ဟင်း”
ကွမ်းမပြတ် စားထားပုံ ရလို့ နီကျင်၊ ညိုမည်းနေတဲ့ သွားအစုံကို အသားကုန်ဖွင့် ပြီး ရယ်မောရှင်းပြနေတဲ့ အသားညိုညိုနဲ့ အသက် ခြောက်ဆယ်ကျော် အရွယ် လယ်တဲ ပိုင်ရှင်ဟာ ကျွန်တော့်ကို စူးစမ်းသလို ကြည့်ပြီး မေးခွန်းတွေ ထုတ်လာခဲ့ပါ တယ်။
“ဒါနဲ့ ငါ့တူက ဒီနားမှာ ရှိတဲ့ရွာတွေကတော့ ဟုတ်မယ် မထင်ဘူး။ ဧည့်သည် ထင်ပါရဲ့။ လူပုံစံ ကြည့်ရသ လောက်တော့ မြို့ကြီးသားပီပီ သသပါပဲ။ ဘယ်က လာသ လဲကွယ်”
“ရန်ကုန်က လာတာပါ ဘကြီး။ ဒီရွာနဲ့ မဝေးလှတဲ့ ကော့ရပ်ရွာက ဆွေမျိုး တစ်ယောက်ဆုံးလို့ နာရေးလာရင်း ဒီဘက် အလည် ထွက်ခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော် ငယ်ငယ်က ရွာမှာပဲ နေခဲ့ဖူးတော့ ဒီဘက်ကရွာတွေ ခဏခဏ ရောက်ဖူးပါတယ်။ ၀ါး တားတားတော့ ဖြစ်နေပါပြီပေါ့ လေ”
“သြော် ကော့ရပ်ရွာကကိုး”
တစ်စုံတစ်ခုကို တွေးသလို ငေးသလိုဖြစ်သွားတဲ့ လယ်တဲရှင်ဟာ ကျွန်တော့် မျက်နှာကို ငေးကြည့် နေရင်း ကပဲ။
“ဆွေမျိုးတွေတော့ ကော့ရပ်မှာ ရှိပါသေးတယ်။ ဘကြီးလည်း ဘယ်မှမရောက် ဖြစ်တာ ငါးနှစ်လောက် ရှိပါပြီ။ ဒီလယ်ထဲမှာပဲ ဖြစ်သလို နေထိုင်ရင်း ရွာထဲတောင် သိပ်မ၀င် ဖြစ်ပါဘူးကွယ်။ ဒါ နဲ့ ဒီရွာကို ဘာနဲ့ လာသလဲ ကွယ်”
“တူတစ်ယောက်ရဲ့ စက်ဘီးခဏ ငှားလာတာပါ။ ဒီရွာထဲက အိမ်တစ်အိမ်မှာ ခဏအပ်ထားပြီး ဓာတ်ပုံ ရိုက်ချင်လို့ ရွာပြင် ထွက်လာခဲ့တာ ပါ”
“ဟင် ဓာတ်ပုံ”
ဓာတ်ပုံဆိုတဲ့ စကား ကြောင့် လယ်တဲရှင်ဟာ အံ့သြသလို ဖြစ်သွားခဲ့ပါတယ်။
“ဓာတ်ပုံ ဆရာလား ကွယ့်”
“မဟုတ်ပါဘူး ဘကြီးရယ်။ အပျော်တမ်း ၀ါသနာ ပါလို့ လျှောက်ရိုက်နေတာပါ။ သြော် မေ့လို့။ ကျွန်တော့်နာမည် လင်းထွဋ်ပါ ဘကြီး”
ကျွန်တော့်စကားကို နား ထောင်ပြီး တစ်စုံ တစ်ရာကို သတိရသွားတဲ့ လယ်တဲရှင် ဟာ ဘုရားစင်အောက်က ဓာတ်ပုံဆီ အကြည့်ရောက် သွားခဲ့ပြီးမှ ကျွန်တော့်ကို လက်ညှိုးထိုးရင်း...
“ဒါ ဒါဆိုရင် ငါ့တူဟာ ဟို ဟိုဓာတ်ပုံထဲက လှဌေး သူငယ်ချင်းများလား”
“ဟုတ်ပါတယ် ဘကြီး။ ဘကြီးကရော”
အံ့သြ တုန်လှုပ်စွာနဲ့ မျက်ရည်ဝဲလာတဲ့ လယ်တဲ ရှင်ဟာ ရီဝေေ၀ မျက်ဝန်းတစ်စုံနဲ့ ကျွန်တော့်ကို ကြည့်ရင်း ပြောကြားလာတဲ့ စကားတွေ ကတော့...။
“ဘ ဘကြီးက မြခက် ရဲ့အဖေ။ လှဌေးရဲ့ယောက္ခမ ဦးတင်ငွေ ဆိုတာပါပဲကွယ်”
“ဗျာ...”
အတိတ်က သူငယ်ချင်း
ကြွက်ကြော်နဲ့ ပဲကြီးလှော် ထည့်ထားတဲ့ အမြည်း ပန်းကန်ကို အလယ်က ထားပြီး ထန်းရည် ထည့်ထားတဲ့ ၀ါးကျည်တောက် တစ်လုံးနဲ့ အတူ အမြှုပ် တစီစီ ထနေတဲ့ ဖန်ခွက် နှစ်လုံးဟာ ကျွန်တော်နဲ့ လှဌေးကြားမှာ ရှိနေခဲ့ပါတယ်။ ရွာတောင်ပိုင်းမှာ နေထိုင်ကြတဲ့ ကျွန်တော့်ဆွေ မျိုးတွေရဲ့ ရှင်ပြု မင်္ဂလာပွဲ ဆီက ထွက်ပေါ်လာတဲ့ ဆိုင်းသံ၊ ဗုံသံတွေဟာ တောင်လေနဲ့ အတူ လွင့်တစ်ချီ၊ ပျံတစ် လှည့်နဲ့ ကျွန်တော်တို့ နှစ်ယောက်ရှိရာ ရွာပြင် ထန်းတောကို ရောက်လာခဲ့ပါတယ်။ သိပ်မကြာခင် ရှင်လောင်း လှည့်တော့မှာ ဖြစ်တဲ့အတွက် အများကြီး မသောက်မစား ဖြစ်တဲ့ ကျွန်တော်ဟာ အရက်စွဲ နေပုံရတဲ့ လှဌေးကို စိတ်ပျက်စွာ ထိုင်ကြည့် နေခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် လှဌေး ပြောလာတဲ့ စကားတွေဟာ အမှန်တွေ များမယ်လို့ ကျွန်တော် ရိပ်စားမိပါတယ်။
“မင်း စဉ်းစားကြည့်စမ်း လင်းထွဋ်။ ငါ ပေါင်း ရတာက သမီးကို။ ခုဟာက ယောက္ခမ မျက်နှာကိုကြည့်ပြီး အသက်တောင် ဖြောင့်ဖြောင့် မရှူရဲတဲ့ အဖြစ်ကွ။ ပစိပစပ် များလိုက်တဲ့ လူကြီး။ မြခက်ကို ငါရတာ ဘုရင်မကို ရသလောက်နီးနီး ထင်စေချင်သလား မသိပါဘူး ကွာ။ နှိပ်ကွပ်တာတော့ လက်ကုန်ပဲ။ ငါ့ခမျာ အိပ်ရာထဲ ရောက်မှ “သြော် မြခက်ဟာ ငါ့မိန်းမ ဖြစ်နေပါသေးလား”ဆိုပြီး သက်ပြင်းချခဲ့ရ တာချည်းပဲ”
“မင်း အပြစ်လည်း ရှိမှာပေါ့ လှဌေးရ”
“ရှိတယ်၊ ရှိတယ်။ အဲဒါတော့ ငါ မငြင်းပါဘူး။ ငါ့ယောက္ခမ ပြောသလို အစွမ်းအစ မရှိဘူးပေါ့ကွာ။ သူတို့လိုချင်တဲ့ ပုံစံမျိုးတော့ ဘယ်ရပါ့မလဲ။ ခုဟာက သူတို့ရွာလိုက်နေတဲ့အပြင် သူတို့အမျိုးအုပ်စုကြီးထဲမှာ ငါဟာ ကျွန်သပေါက်သာ သာမို့ ခံပြင်းရတာပါ။ ငါ လည်း တတ်နိုင်သမျှ လုပ် ကိုင်ပေးတာပါပဲကွာ။ သူတို့ ဘက်က စိတ်တိုင်းမကျတာ တော့ ငါလည်း မတတ်နိုင်ဘူး”
“အဲဒါနဲ့ပဲ ကလေးနှစ်ယောက် ရခဲ့တယ် ဆိုပါတော့”
“ဟုတ်တယ်။ ဒါပေမဲ့ မိန်းမနဲ့ ကလေးတွေကို ထားခဲ့ပြီး ငါ့ရွာ ငါပြန်နေနေတာ တစ်လ ရှိသွားပြီ သူငယ် ချင်း”
“ဒါဆို မင်းတို့ လင်မယား ကွဲနေကြပြီလား”
“ဆိုပါတော့ကွာ။ ကွဲလု ကွဲခင်ပေါ့”
ကျွန်တော် တစ်ယောက် ရွာနဲ့ ဝေးကွာနေတဲ့ ခြောက်နှစ်၊ ခုနစ်နှစ် အတွင်းမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ် ထောင်ကျ။ ကလေးတွေ မွေးပြီး မိန်းမနဲ့ ကွဲလုကွဲခင် ဖြစ်တဲ့အထိ အိမ်ထောင်ရေး နွံထဲမှာ စောစီးစွာ နစ်မွန်းခဲ့ ရတဲ့ သူငယ်ချင်း လှဌေးဟာ ကျွန်တော့်ထက်ကို အများကြီး အိုစာ နေပါတယ်။ တောရွာက လူငယ်တစ်ယောက် လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်တွေကို ကြိုးစား လုပ်ကိုင်ပေးနေသမျှ မယားနဲ့ ယောက္ခမရဲ့ လိုဘ မပြည့်ခြင်း၊ အားမလို အားမရ ဖြစ်ခြင်းတွေဟာ လှဌေး ကို စိတ်လေစပြု၊ အရက်စွဲခဲ့ပြီ ဆိုတာ ကျွန်တော် သဘော ပေါက်လိုက်ပါတယ်။
“သူတို့က ငါ့ကို ခပ်မြန်မြန် သူဌေး ဖြစ်စေချင်တာလေ။ မြခက် အဖေက မြခက်နဲ့ ငါ့ကို သဘော တူခဲ့တာမှ မဟုတ်တာ။။ သူသဘော တူတာ သူတို့ရွာက ကိုတင်မောင် နဲ့ပါ။ ဒီလူက အလုပ် ကြိုးစားတယ်။ လယ်ပိုင် အိမ်ပိုင်တွေ ရှိတယ်။ စပါးပွဲစား၊ နွားပွဲစား လုပ်ပြီး ငွေလျှံနေတာ ဆိုတော့ ငါ့ယောက္ခမ သဘောကျမယ် ဆိုကျ လောက်ပါတယ်လေ။ မြခက်ကို ငါ ခိုးပြေးကတည်းက သူ့ရည်ရွယ်ချက်တွေ ရိုက် ချိုးခံလိုက်ရမှာပေါ့။ ဘာပဲပြောပြော ငါနဲ့ ငါ့ယောက္ခမ ကတော့ တစောင်းစေးနဲ့ မျက်ချေးလိုပါပဲ သူငယ်ချင်းရာ”
မြခက်၊ ဦးတင်ငွေတို့နဲ့ အဆင်မပြေတာ များလာတဲ့ လှဌေးဟာ ကိုတင်မောင်နဲ့ ဦးတင်ငွေ စပါးစပ်တူလှောင်၊ စီးပွား ပေါင်းကြတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ခံပြင်းစရာများ လာခဲ့သလို မြခက်နဲ့ ကိုတင် မောင်ရဲ့ ဆက်ဆံရေးကိုလည်း သံသယ ဖြစ်လာခဲ့တာ သေချာပါတယ်။ ဦးတင်ငွေ ကိုယ်တိုင်က အရည်အချင်း ရှိတဲ့ ကိုတင်မောင့် အကြောင်း ခဏခဏ ချီးမွမ်းခန်းဖွင့် သလို ကလေးနှစ်ယောက် အမေ မြခက်ကိုတောင် နွားမ ရွှံ့ပိတ် လုပ်ပြီး ကိုတင်မောင်နဲ့ ပေးစား ချင်နေတာကြောင့် ရေရှည် မခံစားနိုင်တော့တဲ့ လှဌေးဟာ သားမယားကို စွန့်ပြီး ဇာတိရပ်ရွာကို ခဏတာ ပြန်လာခဲ့တာမျိုးပါ။
“ဒါဆိုရင် မြခက်ကပါ မင်းကို မမက်တော့ဘဲ ကိုတင်မောင်ဘက် လှည့်ချင်တဲ့ သဘောလား”
“အခုချိန်ထိတော့ မဟုတ်သေးပါဘူး။ ငါနဲ့ အဆက်အသွယ် ရှိပါတယ်။ ဒါပေမဲ့ကွာ မြခက်ကရော ဘာသားနဲ့ ထုထားတာ မို့လို့ လဲ။ သူ့အဖေ စကား နားဝင်ပြီး ချမ်းသာချင်စိတ် ပေါက်လာမှာပါ။ ကြာလာရင် မြ ခက်နဲ့ ငါ လုံးဝ ပြတ်သွားနိုင်တာ သေချာပါတယ် သူငယ်ချင်းရာ”
ဒီလိုနဲ့ပဲ ရှင်ပြု အပြီး ရွာမှာ တစ်ပတ်လောက် သောင်တင်ခဲ့တဲ့ ကျွန်တော်ဟာ လှဌေးကို ဓာတ်ပုံတစ်ပုံ ရိုက်ပေးခဲ့ပြီး ဓာတ်ပုံနောက်မှာ ကျွန်တော့် နာမည်နဲ့ အမှတ်တရ စာသားတချို့ ရေးပေးခဲ့ပါတယ်။ အဲဒီဓာတ်ပုံကို မြခက်ဆီ ခိုးကြောင်ခိုးဝှက် ပေးလိုက်တဲ့ အကြောင်းပါ သိခဲ့ရပါတယ်။ ကျွန်တော် ပြန်ခါနီးမှာတော့ လှဌေးရဲ့ သားမယား အပေါ် အချစ်ကြီးပုံ။ လယ်ပိုင် အိမ်ပိုင် မဖြစ်သရွေ့ သားမယားဆီ မပြန်ဘဲ ကြိုးစားရှာဖွေမယ် ဆိုတာတွေ။ အရက်၊ ထန်းရည် ဆိုတာတွေကို ပင်ပန်း၊ စိတ်ညစ် လွန်းမှ တစ်ခါတလေပဲ သောက်တော့မယ့် အကြောင်း။ နောက်တစ်ခါ ကျွန်တော် ရွာလာလည်ရင် သူ့ကို လူတော် လူကောင်းအဖြစ် အိုးပိုင်၊ အိမ်ပိုင်၊ လယ်ပိုင် ဘ၀နဲ့ သား မယားနဲ့ အတူတကွ တွေ့ရပါ စေမယ်ဆိုပြီး ကတိတွေ အထပ်ထပ် ပေးခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် ရွာက ပြန်လာပြီး ငါးနှစ် အကြာမှာပဲ လှဌေးတစ်ယောက် ရထား အကြိတ်ခံရပြီး သေဆုံးသွားတယ် ဆိုတဲ့ သတင်း ကြားသိ ခဲ့ရပါတယ်။
အရက် အမူးလွန်ပြီး ရထား လမ်းပေါ်မှာ အိပ်ပျော်နေတဲ့ အတွက် အပိုင်းပိုင်း အတစ်တစ် ဖြစ်သွားတယ် ဆိုတဲ့ လှဌေးရဲ့သတင်းကို ကြားကြားချင်း ကျွန်တော်လည်း ယူကျုံးမရ ဖြစ်ရပါတယ်။ နောက်ဆက်တွဲ ကြားရတဲ့ သတင်းအရ လှဌေးဟာ ငါးနှစ်အတွင်း လယ် ၅ ဧက၊ ခြံတစ်ကွက်၊ အိမ် ခပ်သေး သေးတစ်လုံး ပိုင်ဆိုင်ခဲ့ပြီး သားမယားကို သူ့ရွာ ပြန်ခေါ်ဖို့ လုံးပန်းနေစဉ်မှာ သေဆုံး ခဲ့တယ် ဆိုတာပါပဲ။ လှဌေးရဲ့ အဖြစ်ကို သံဝေဂ ရပြီး ကျွန်တော်လည်း အိမ်ထောင် မပြုရဲလို့ လူပျိုကြီး ဘ၀ ရောက်တဲ့ အထိ အစွန်းရောက် ခဲ့တာလည်း အမှန်ပါပဲ။ တကယ်တော့ လိုဘမပြည့် နိုင်တဲ့ လူသားတွေထဲမှာ ဇနီး မယားနဲ့ ယောက္ခမဆိုသူတွေ အများဆုံး ပါတယ်ဆိုတဲ့ အတွေးတွေနဲ့ လုံးလည်ချာလည် လိုက်ခဲ့ရတဲ့ ကျွန်တော် ဟာ မြခက်နဲ့ ဦးတင်ငွေကို မမြင်ဖူးဘဲ မုန်းတီး နေခဲ့တာတော့ သေချာပါတယ်လေ။
ဝန်ခံသူရဲ့ နောင်တ တရားများ
မျက်ရည်စတွေ ဝေသီနေတဲ့ ဦးတင်ငွေဟာ ခေါင်းပေါင်းထားတဲ့ မျက်နှာသုတ် ပ၀ါကို ဖြေချပြီး စီးဆင်းစ ပြုလာတဲ့ မျက်ရည်တွေကို သုတ်လိုက်ရင်းကပဲ ရီဝေမှုန် ၀ါးနေတဲ့ မျက်ဝန်း တစ်စုံနဲ့ ခပ်လှမ်းလှမ်းက မီးရထား သံလမ်းကို ငေးကြည့်နေခဲ့ပါ တယ်။
“တကယ်တော့ ဘကြီးကို ရွာထဲက လူတွေကရော၊ လှဌေးရဲ့ ဆွေမျိုးတွေကပါ အတ္တကြီးတဲ့ အဘိုးကြီး၊ လှဌေး သေရတာ ဘကြီးကြောင့်လို့ စွပ်စွဲ သမုတ်ကြတာ မလွန်ပါဘူးလေ။ ဒါပေမဲ့ ငါ့တူရယ်၊ ဘကြီးစိတ် ထဲမှာ ငါ့သမီး၊ ငါ့မြေးတွေကို ချစ်လွန်းတာကြောင့် ရေရှည်မှာ သူတို့ မိသားစုတွေ ဒုက္ခရောက်မှာ စိုးတာနဲ့ပဲ သမက် ဖြစ်သူကို ဖိအား ပေးသလို လုပ်ခဲ့မိပါတယ်။ လောင်းကစား၊ အရက် သေစာ မစွဲလမ်းဘဲ ဒါလုပ် ဆိုရင် ဒါတစ်ခုပဲ ကြိုးစား လုပ်တတ်တဲ့ စိတ်ဓာတ်ကိုတော့ ဘကြီး သဘော ကျပါတယ်။ အကွက် မမြင်တာ တော့ ခက်တယ်။ တင်မောင်နဲ့ ယှဉ်ပြီး မကြီးပွားရကောင်း လားလို့ ရှုတ်ချ၊ မျက်နှာသာ မပေးခဲ့တာလည်း မှန်ပါ တယ်။ ငါ့တူ သိထားသလို မြခက်ကို တင်မောင်နဲ့ ပေးစားချင်ယောင်ယောင် လုပ်ခဲ့ မိပါတယ်။ ဒါကလည်း အကြောင်း ရှိပါတယ်ကွယ်။ မခံချင်စိတ်နဲ့ ကြီးပွားအောင် ကြိုးစား လာမလားလို့ပါ။
“ပိုဆိုးသွားတာက မြခက်ကလည်း ဘကြီး စိတ်တိုင်းကျ နေပေးခဲ့တာမျိုး ဆိုတော့ လှဌေး စိတ်ဆင်းရဲပြီး အရက် စွဲသွားမှာပေါ့။ တင်မောင်ကလည်း မြခက်ကို ဘယ်ဘ၀ ရောက်ရောက် မျှော်လင့်နေတာမျိုးလေ။ အဲဒီမှာ လှဌေးလည်း တစ်ပူပေါ် နှစ်ပူဆင့် သွားမှာပေါ့ကွယ်။ ဘာပဲဖြစ်ဖြစ် လူတွေဟာ ငါ့အိုး၊ ငါ့အိမ်၊ ငါ့မယား၊ ငါ့သားသမီးနဲ့ ပတ်သက်လာရင် အချစ်ကြီးပြီး အစွန်း ရောက်တတ်ကြပါတယ်။ အဲဒီလူစားထဲမှာ ဘကြီးလည်း ပါခဲ့တာပေါ့။ ဘကြီးလေ လှဌေး ဆုံးပြီးကတည်း က သူ မသေခင် ခိုးကြောင် ခိုးဝှက်နဲ့ နေသွားခဲ့တဲ့ ဟော ဒီလယ်တဲထဲမှာပဲ ဖြစ်သလို စားသောက် နေထိုင်ပြီး ရွာထဲ ပြန်မ၀င်ခဲ့တာ ၅ နှစ် ရှိပါပြီ။ ဘကြီးကိုယ် ဘကြီး ဒဏ်ခတ်တဲ့ သဘောလည်း ပါပါတယ်။ ငါ့တူ ရိုက်ပေး ခဲ့တဲ့ ဓာတ်ပုံကိုတော့ သမီး ပေးလို့ ဒီလယ်တဲမှာပဲ ဘကြီး ယူထားခဲ့ပါတယ်။ လှဌေးပုံကို မြင်ရင် ဘကြီးရဲ့ အမှားတွေကို နောင်တ ရနေချင်တာလည်း ပါပါတယ်ကွယ် အီး ဟီး ဟီး ဟီး”
ဆွေးဆွေးမြည့်မြည့် ပြောပြရင်း အော်ဟစ်ငိုယို လိုက်တဲ့ ဦးတင်ငွေကို ကျွန်တော်လည်း နှစ်သိမ့်ပေး ရပြန်ပါတယ်။
“ဒါဆိုရင် အဲဒီတုန်းက လှဌေးဟာ တကယ်ပဲ မူးမူး နဲ့ အိပ်ပျော်နေလို့ ရထား အကြိတ် ခံလိုက်ရတာလား ဘကြီး”
“အဲဒီလို ပြောကြတာ ပါပဲ။ ဘကြီးကတော့ မထင် ပါဘူး။ ကိုယ့်သမက်ဟာ ကိုယ့်သမီးနဲ့ မြေးတွေအပေါ် အချစ်ကြီးတယ် ဆိုတာ ဘကြီး သိပါတယ်။ ဒီကောင်က အရက်ကြောင် ကြောင်ပြီး စိတ်ပျော့လွန်းတော့ ရူးကြောင်မူးကြောင် ဖြစ်နေတဲ့ သူ့စိတ်နဲ့ သူ ဒီလမ်းကို ရွေးသွားတာလို့ပဲ ဘကြီး ထင်ပါတယ်။ ငါတူတို့ရွာမှာ လှဌေး တစ်ယောက် လယ်ပိုင်၊ အိမ်ပိုင်တွေ ဖြစ်နေပြီလို့ ကြားကတည်းက ဒီရွာကို ဘယ်နေ့များ ပေါက်ချလာမလဲ ဆိုပြီး ဘကြီး နေ့တိုင်း မျှော်ခဲ့ပါ တယ်။ သူဆုံးတဲ့ ညက ဘကြီးတို့ ရွာမှာ ဆွမ်းကြီးလောင်းပွဲ ရှိတယ်။ ဆောင်းတွင်းကြီးပေါ့ကွယ်။ လယ်တွေကို ဦးစီး လုပ်ကိုင်နေရတဲ့ ဘကြီးက ညဘက်ဆိုရင် ရွာထဲ ပြန်အိပ်တယ်။ ဒီလယ်ထဲမှာ ရွာက သူရင်းငှားကောင် လေးပဲ ကျန်ခဲ့တာများတာ ပေါ့လေ။ လသာတဲ့ညတွေ ဆိုရင် လှဌေးတစ်ယောက် ဒီလယ်တဲက တလင်းကို ရောက်ရောက်လာပြီး ဘကြီး လက်စမသတ်သေးတဲ့ အလုပ်တွေကို သူရင်းငှားနဲ့ ပေါင်းပြီး လုပ်ပေးလေ့ ရှိပါတယ်။
ဘကြီးလည်း သူ ရင်းငှားကောင်လေး ပြောပြလို့ သိသာသိနေပေမယ့် ယောက္ခမ ဆိုတဲ့ မာန်က မချ ချင်သေးပါဘူး။ မလာနဲ့လို့ မောင်းမထုတ်သလို လာလို့လည်း မဖိတ်ခေါ်ခဲ့ပါဘူး။ မသိချင်ယောင်ဘဲ ဆောင်ခဲ့ တယ်။ သူသာ သတိ္တရှိရင် ဘကြီးရှေ့ရောက်လာမှာပဲလို့ တွက်ထားခဲ့တာပါ။
“ဖြစ်ချင်တော့ ပွဲညမှာ မြခက်နဲ့ ကလေး နှစ်ယောက်က တင်မောင်နဲ့ အတူတွဲပြီး ခေါက်ဆွဲဆိုင်မှာ ပြောဆို စားသောက် နေကြတာကို လှဌေး မြင်ပြီး ဒေါသဖြစ် သွားတယ်နဲ့ တူပါတယ်။ အဲဒီ ဆိုင်ထဲမှာပဲ လှဌေးနဲ့ တင်မောင် ရုန်းရင်းဆန်ခတ် ဖြစ်ကြတယ်တဲ့။ လူတွေကြားထဲ မှာ မြခက်ကို အော်ကြီးဟစ် ကျယ်စွပ်စွဲ သမုတ်တာနဲ့ မြခက်လည်း ရှက်ပြီး လှဌေးကို ပက်ပက်စက်စက်၊ နစ်နစ်နာနာ ပြန်ပြောလိုက်တာကို စိတ်ဓာတ် ကျသွားမှာပေါ့လေ။ တစ်ညလုံး ပွဲခင်းထဲမှာ မူးရူးသောက်စား နေခဲ့ပြီး ဟောဒီ လယ်တဲကို မိုးမလင်းခင် ပြန်ရောက်လာတယ်တဲ့။ သူရင်းငှား ကောင်လေး သောက်နေကျ အရက်တွေကို ထပ်သောက်ပြီး “ငါ့ရွာပဲ ငါ ပြန်တော့မယ်”ပြောရင်း ယိုင်ထိုးထိုးနဲ့ ထွက်သွားခဲ့တာကို သူရင်းငှားက နောက်ဆုံး မြင်လိုက်ရတာတဲ့။
မိုးမလင်း တလင်းမှာ ရထားဥသြ မတရား ဆွဲနေတာကို သူရင်းငှားက အိပ်နေရင်း ကြားပေမယ့် ထမကြည့်ခဲ့မိဘူးတဲ့။ ရထားအကြိတ် ခံရတာဆိုတော့ မြင်ရက်စရာ မရှိပါဘူး ငါ့တူရယ်။ ဘကြီးလေ သူ့ရဲ့တစ် ပိုင်းတစ်စစီ ဖြစ်နေတဲ့ အလောင်းကို သွားကြည့်မိတဲ့ အထိ ဘာမှ မဖြစ်သေးပါဘူး။ သုံးရက်လောက် နေမှ ရထား လမ်းဇလီဖားတုံး တစ်တုံးပေါ်မှာ မီးသွေးနဲ့ ရေးသွားခဲ့တဲ့ စာကိုမြင်မှ ဘကြီး ရင်ကျိုးရတာပါ။ သေချာပါတယ်ကွယ်။ အဲဒီစာ သူပဲ ရေးခဲ့တာပါ။
“သူတို့ လိုချင်တာ ပေးနိုင်ပေမယ့် ကိုယ်လိုချင်တာ မရနိုင်တော့တဲ့ အတွက် အဝေးကို ထွက်သွားတာပဲ ကောင်းပါတယ်”တဲ့။
အီး ဟီး ဟီး။ အဲဒီ အဝေး ဆိုတာကို သူ တကယ် ရောက်သွားသလား။ မူးမူးနဲ့ပဲ သံလမ်းပေါ် အိပ်ပျော်သွား သလား။ သူသာ အသိဆုံး ဖြစ်မှာပါ။ အဲဒါ ဘကြီးကြောင့်၊ ဘကြီးသာ အတ္တ မကြီးခဲ့ရင် သူ ဒီလိုဖြစ်မှာ မဟုတ်ပါဘူး။ ဘကြီးလေ အတ္တကြီးကောင်း ကြီးမိမှာပါ။ အဲဒါကလည်း သူတို့ မိသားစု နောင်ရေး စိတ်အေးရအောင် ကြီးမိတဲ့ ဖခင်တစ်ယောက်ရဲ့ အတ္တကြောင့် ဆိုတာ ဘကြီး ကျိန်ပြောရဲပါ တယ်ကွယ်။ ဘကြီး သမက်ကို ကြီးပွား စေချင်လွန်းလို့၊ စွမ်းဆောင်နိုင်စွမ်း ရှိစေချင် လွန်းလို့ ဒီလို ဆက်ဆံပြုမူခဲ့ရ တယ်ဆိုတာကို သေရွာက လှဌေးသိရင် ဘကြီး သေပျော်ပါပြီကွယ် အီး ဟီး ဟီး”
ဝမ်းနည်း ကြေကွဲနေတဲ့ ဘကြီး တင်ငွေရဲ့ လယ်တဲက တစ်လှမ်းချင်း ထွက်ခွာ လာမိတဲ့ ကျွန်တော်ဟာ ရထားသံ လမ်းရှိရာဘက် ရောက်သွားခဲ့ပြီး လှဌေး သေဆုံးခဲ့တယ် ဆိုတဲ့ နေရာအနီး တစ်ဝိုက်က ဇလီဖားတုံးပေါ်မှာ မီးသွေးနဲ့ ရေးသွားခဲ့တယ် ဆိုတဲ့ စာသား တချို့ကို တွေ့လိုတွေ့ငြားရှာ ဖွေကြည့်မိပါတယ်။ မတွေ့ခဲ့ရပါဘူး။ တကယ်တော့ အချိန်၊ ကာလ၊ ရာသီရဲ့တိုက်စားမှုတွေဟာ သက်သေဆန်တဲ့ အရာဝတ္ထု တချို့ကို မှေးမှိန်ပျောက်ပျက် စေတာ သေချာခဲ့ပေမယ့် သက်ဆိုင်သူ လူသားတွေရဲ့ ရင်ထဲမှာ ရှိတဲ့ စိတ်ခံစားချက်တွေကတော့ ကျောက်စာ ထွင်းထားသလို သေရွာအထိ ပါသွား နိုင်တယ် ဆိုတာ သေချာသ လောက်ပါပဲလေ။
အချစ်ကြောင့် ကျတဲ့မျက်ရည်
ရွာမြောက်ပိုင်းမှာ နေတယ်ဆိုတဲ့ မြခက်ရှိရာ လှဌေး ရှာဖွေ ထားရစ်ခဲ့တဲ့ အိမ်ကို မေးမြန်းပြီး ကျွန်တော် ရောက်ရှိသွားတဲ့ အခါမှာတော့ နွားတင်း ကုပ်ထဲမှာ အလုပ် ရှုပ်နေတဲ့ မိန်းမ တစ်ယောက်ဟာ ကပျာကယာပဲ လက်ဆေးပြီး အိမ်ရှေ့ဘက် ထွက်လာခဲ့ပါတယ်။ ကျွန်တော့်ကို တစ်ချက်ကြည့်ပြီး မျက်လွှာချ၊ ပါးစပ်တပြင်ပြင် ဖြစ်နေတဲ့ အတွက် ကျွန်တော်ကပဲ စတင်မိတ်ဆက် လိုက်ရပါတယ်။
“ကျွန်တော် လှဌေး သူငယ်ချင်း လင်းထွဋ်ပါ။ လှဌေးကို သတိရလို့ ဒီအိမ် လာလည်တာပါ။ ကျွန်တော် လည်း ဒီရွာကျောင်းမှာ ကိုးတန်းအထိ နေခဲ့ဖူးတယ်လေ။ ခုတော့ ရန်ကုန်မှာ အခြေကျ နေပါပြီ”
ရှိရင်းစွဲ အသက်ထက် အိုစာ လွန်းနေမှာ သေချာတဲ့ အမျိုးသမီးဟာ ကျွန်တော့် စကားတွေကြောင့် တွေခနဲ ဖြစ်ပြီး မျက်ရည် ၀ဲသွားပါ တယ်။
“ကျွန်မ လှဌေး မိန်းမ မြခက်ပါ။ လာ ကိုလင်းထွဋ်၊ အိမ်ပေါ်တက်ပါ။ ကိုလင်းထွဋ်ကို ကျွန်မ မမြင်ဖူးပေ မယ့် ရှင့်သူငယ်ချင်းက ကျွန်မနဲ့ ညားပြီး ကတည်းက ခဏခဏ ပြောပြတတ်လို့ နာမည်ကို သိပြီး ရင်းနှီးနေ ပါတယ်။ ကိုလင်းထွဋ် ရိုက်ပေးခဲ့တယ် ဆိုတဲ့ သူ့ရဲ့တစ်ခုတည်းသော ဓာတ်ပုံ ကျွန်မကို ပေးခဲ့ဖူးတယ်လေ။ ကို လင်းထွဋ်အမျိုးရဲ့ နာရေးကို လာရင်း ဒီရွာ ရောက်နေတယ် ဆိုတာ ကျွန်မ ကြားပါတယ်။ ဒါပေမဲ့ ကျွန်မ အကြောင်း သေချာမသိတဲ့၊ ကျွန်မ မမြင်ဖူးတဲ့ လူကို ကျွန်မ လာမနှုတ် ဆက်ရဲပါဘူး။ ထိုင် ကိုလင်းထွဋ်”
စကား တပြောပြောနဲ့ အိမ်ပေါ် ခေါ်တင်ရင်း သင်ဖြူးဖျာချော တစ်ချပ်ခင်းပြီး ရေနွေးအိုးချ၊ ထန်းလျက် ပန်းကန်တည်နဲ့ ဇယ်ဆက်သလို လုပ်ကိုင်နေတဲ့ မြခက်ဟာ အိပ်ခန်းဝက လိုက်ကာစကို ဆွဲရင်း မျက်ရည်စကို ကျိတ်တို့လို့ ကျွန်တော့်ရှေ့မှာ လာထိုင်ပါတယ်။
“ကျွန်တော် မနေ့ကပဲ ဘကြီး တင်ငွေတဲ ရောက်သွားတယ် မမြခက်။ လှဌေးနဲ့ မမြခက်တို့ အကြောင်းတွေ သေချာ သိရလို့ စိတ်မကောင်း ဖြစ်ရပါတယ်ဗျာ။ မငိုပါနဲ့ မမြခက်ရယ်။ နှစ်တွေလည်း ကြာခဲ့ပါပြီ”
“မှန်ပါတယ်လေ။ ဘေးလူ တစ်ယောက် အနေနဲ့ ၅ နှစ်ဆိုတဲ့ ကာလဟာ ကြာကောင်း ကြာနေမှာပါ။ ကျွန်မ အဖို့တော့ မနေ့ တစ်နေ့ကလို ထင်နေတုန်းပါပဲရှင်။ ကျွန်မလေ ကိုလှဌေး ဆုံးပြီးက တည်းက ယောက်ျားဆိုရင် ဘယ်ယောက်ျားကိုမှ မျက်နှာချင်း ဆိုင်ပြီး စကား မပြောခဲ့တာ ဒီနေ့ အထိပါပဲ။ ဒီနေ့တော့ ကိုလှဌေး မသေခင် ကြားသွားချင်တဲ့ စကား တွေကို သူ့ကိုယ်စား နားထောင်ပေးဖို့ လူတစ်ယောက် ကျွန်မ ရှေ့ရောက်အောင် ဆိုက်ဆိုက်မြိုက်မြိုက်ကြီး လွှတ်ပေးလိုက်တယ်လို့ပဲ ကျွန်မ ယူဆပါတယ်။ အဲဒါကြောင့် ကိုလင်းထွဋ်နဲ့ စကားပြော ဖြစ်တာပါ”
မြခက် စကားကြောင့် ကျွန်တော်လည်း အံ့သြသလို ဖြစ်သွားရပါတယ်။ ဒါပေမဲ့ မြခက်ကိုတော့ အများကြီး မယုံစား ရဲသေးပါဘူး။ ရွာထဲက ကျွန်တော့် အမျိုးတွေ ပြောပြပုံအရ ကိုတင်မောင်နဲ့ မရှင်းမရှင်းဖြစ်ခဲ့တာတွေ၊ လင်သေမှ ဒီအိမ်၊ ဒီလယ် တွေကို သူ ပိုင်ပါတယ် ဆိုပြီး သားနှစ်ယောက် ဗန်းပြလို့ ဒီ ရွာကို ရောက်လာခဲ့တာတွေ၊ ကျွန်တော် ရိုက်ပေးခဲ့တဲ့ ဓာတ်ပုံကို ပုံကြီးချဲ့လို့ အိမ်ဦးခန်းမှာ အခန့်သား ချိတ်ဆွဲပြီး ငိုပြ လွမ်းပြနေခဲ့တာတွေ၊ လှဌေးရဲ့ အမျိုးတွေက အကျယ်၊ အကျယ် မဖြစ်ချင်လို့ လှဌေး ပိုင်ဆိုင်သမျှ ပေးလိုက်ရတာတွေ ကျွန်တော် သိထားပြီးပြီ ဖြစ်လို့ လှဌေးတစ်ယောက် ရူးမူးစွာ ချစ်ခဲ့ရတယ်ဆိုတဲ့ မြခက်ကို ခပ်တည်တည်ပဲ စိုက်ကြည့်နေမိပါတယ်။ ဒီလိုနဲ့ပဲ မြခက်ရဲ့ အတွင်းသဘော အမှန်ကို သိချင်လာတဲ့ အတွက် သွေးတိုးစမ်း စကားတွေ ပြောခဲ့မိပါတယ်။
“လှဌေး ဆုံးခဲ့တာ ၅ နှစ် ကျော်ခဲ့ပြီပဲဗျာ။ ကလေး နှစ်ယောက် ရှေ့ရေးအတွက် အိမ်ထောင် ထပ်မပြုသေးဘူး လား။ ပြုသင့်ပြုထိုက်တဲ့ လူ တွေ့ရင်ပြုပါ မမြခက်ရယ်။ လှဌေးလည်း ခွင့်လွှတ်နိုင်မှာပါ”
ကျွန်တော့်ဘက်က အဲဒီလို ပြောလာလိမ့်မယ်လို့ ထင်မထားတဲ့ အတွက် မြခက်ဟာ မသိမသာ အံကြိတ်ရင်း စိတ်ပျက်သလို ဖြစ်သွားတဲ့မျက် နှာကို ဖျတ်ခနဲ ပြင်လိုက်ရင်း ကပဲ-
“ကျွန်မလေ သူများတွေလို စကားကို ဖွဲ့နွဲ့ ပြီးတော့လည်း မပြောတတ်ပါ ဘူး။ လှည့်ပတ်ပြီးတော့ လည်း မဆိုတတ်ပါဘူး။ ကျွန်မ ရင်ထဲမှာ ခုချိန်အထိ ရှိ နေတဲ့ ဆန္ဒတစ်ခုကို ပြောပါ ဆိုရင် ကိုလှဌေးဟာ ကျွန်မ ယောက်ျား၊ သူ့ကို ကျွန်မ သတိ ရနေတုန်းပဲ။ သူကလွဲ ပြီး ကျွန်မသေလို့ အရိုးဆွေးတဲ့ အထိ နောက်ထပ် ဘယ်ယောက်ျားကိုမှ မချစ်မိစေရဘူး။ မပတ်သက်စေရဘူး ကိုလင်းထွဋ်”
“ကျွန်တော့် စကား မှားသွားရင် စိတ်မဆိုးပါနဲ့ဗျာ။ ဒါပေမဲ့ ကျွန်တော် သိချင် တာလေးရှိလို့ မေးကြည့်ပါရ စေ။ လှဌေး ဆုံးမယ့်ညက ဘာဖြစ်လို့များ ကိုတင်မောင်နဲ့ အတူ ခေါက်ဆွဲဆိုင်မှာ ထိုင် ပြီး လှဌေးကို ရက်ရက်စက်စက် စကားတွေနဲ့ ရန်တွေ့ လိုက်ရတာလဲဗျာ”
ကျွန်တော့် စကားကြောင့် မဲ့ပြုံးပြုံးသွားတဲ့ မြခက်ဟာ ပြုံးနေရင်းကပဲ မျက်ရည်တွေ တပေါက် ပေါက်ကျလာခဲ့ရပါတယ်။ မြခက်ဖြစ်နေပုံကို ကြည့်ပြီး ဖုံးကွယ်နေတဲ့ အမှန်တရားတွေ ကြားရတော့မယ်ဆိုတာ ကျွန်တော် အတပ် သိလိုက် ပါတယ်လေ။
မှားနေတဲ့ အမှန်တရားများ
“တကယ်တော့ ကိုလင်းထွဋ်ရယ်၊ ယောက်ျား လေးတွေဟာ မိန်းမတွေရဲ့ အတွင်းသဘောကို ပြည့်ပြည့်စုံစုံ မသိနိုင်ကြဘူးဆိုတဲ့ စကားဟာ ဟိုးရှေးခေတ် ယောက်ျားတွေက အစ ခု ခေတ်ယောက်ျားတွေ အဆုံး မှန်နေပါသေးတယ်။ အဖေ့ လုပ်ရပ်တွေကို မီးစင်ကြည့်ပြီး ကခဲ့ရပေမယ့် ကျွန်မ တစ်နေ့မှ မပျော်ပါဘူး။ ကိုလှဌေးသာ ကျွန်မ အနားမှာ ရှိပြီး ထမင်းနပ်မှန် နေမယ်ဆိုရင် လယ်တွေ၊ အိမ်တွေ လည်း ကျွန်မ မမက်ပါဘူး။ ကိုတင်မောင့်ကို အလိုက်အထိုက် ဆက်ဆံရတယ် ဆိုတာက အဖေ့ကို ကြောက်တာလည်း ပါတယ်။ အဖေ့ အရိပ်ကို ခိုနေရသေးတာလည်း ပါတာပေါ့လေ။ အဖေ့စကား အတိုင်း ကိုလှဌေးကို ကြီးပွားစေချင်တဲ့ ဇနီးမယား တစ်ယောက်ရဲ့ အတ္တနဲ့ လိုဘ မပြည့်မှုလို့ပဲ သတ်မှတ်ချင် သတ်မှတ်ပါ။ ကျွန်မ ခံပါ့မယ်။ ကိုလှဌေးနဲ့ ကွဲသ လိုလို ဖြစ်နေတဲ့ ၅ နှစ် အတွင်း ကိုတင်မောင့်ကို စိတ်ပါတယ် ဆိုရင် ဗြောင်ကျကျ ကျွန်မ ယူပြလိုက်ရုံပါပဲ။ ဘာ အခက်အခဲ အတားအဆီးမှ မရှိဘူး။
အဲဒီ ပုံစံမျိုး ဖြစ်အောင် အဖေ့ဘက်ကလည်း အတင်းအကျပ် မတိုက်တွန်းခဲ့ပါဘူး။ ခုချိန်မှာတော့ ကိုတင်မောင် လည်း ကျွန်မရဲ့ သဘောထား အမှန်ကို သိသွားတဲ့ အတွက် တစ်ရွာသူနဲ့ပဲ အိမ်ထောင်ပြု လိုက်ပါပြီ။ ကျွန်မတို့ မျိုးရိုးထဲမှာ မျက်နှာများ ဖောက်ပြန် တတ်တဲ့ မိန်းမ၊ တစ်လင်က နှစ်လင်ပြောင်းတဲ့ မိန်းမတစ် ယောက်မှ မရှိခဲ့ပါဘူး။ ကို လှဌေးဟာ ကျွန်မလင်။ ဆိုးဆိုးကောင်းကောင်း သေသည်အထိ ဒီတစ်ယောက်ပဲပေါင်း ရတော့မယ်ဆိုတာ မင်္ဂလာဦး ညကတည်းက ဆုံးဖြတ်ခဲ့ပြီး သားပါလေ။
“ဒါပေမဲ့ ရှင့် သူငယ် ချင်းက တုံးလွန်းတယ်။ တုံး တယ်ဆိုတာထက် ရိုးလွန်း၊ အ လွန်းတယ်လို့ ပြောရမှာ ပေါ့လေ။ အဖေ့ကို ကြောက်လို့ ကျွန်မကို မကပ်ရဲဘူးဆို တာ မှန်ပေမယ့် ကျွန်မဟာ သူ့ဇနီးမယားလေ။ အချိန် မရွေး ပြန်ဆွဲခေါ်လို့ရတာပဲ မဟုတ်ဘူးလား။ နှစ်တွေ အကြာကြီး ကျွန်မတို့သား အမိကို ပစ်ထားဖို့ မသင့်ပါ ဘူး။ သူ့ဘာသာ ကျွန်မနဲ့ ကိုတင်မောင်ကို အမြင်လွဲပြီး အပြတ်ဖြတ်ခဲ့တာကို ကျွန်မ ဘက်က အာမဘန္တေ ခံပြီး လိုက်တောင်းပန် နေရဦးမှာလား။ ကျွန်မ မလုပ်နိုင်ဘူး။ လုပ်လည်း မလုပ်ခဲ့ဘူး ကိုလင်းထွဋ်။ ကျွန်မတို့ရွာ တွေမှာ နေချင်သလို နေလို့ မရပါဘူး။ ပျိုပျိုအိုအို မိန်းမ သားသိက္ခာ ဆိုတာ ရှိကိုရှိ၊ ထားကိုထားရပါတယ်။ အဲဒါ တွေကို ရှင့်သူငယ်ချင်း သဘောမပေါက်ခဲ့ဘူး။ အီး.. ဟီး...ဟီး...။ ကျွန်မလေ ဟောဒီ ကော့ရပ်ရွာမှာ ကိုလှဌေးတို့ အိမ်တွေ၊ လယ်တွေ ပိုင်နေပြီကြားကတည်းက ၀မ်းသာလိုက်ရတာ။ ဘယ်နေ့ များ ကျွန်မတို့ သားအမိတွေကို အဖေ့ဆီက လာပြန်ခေါ် မလဲလို့ မျှော်လိုက်ရတာ။ အဖေ့ ဆန္ဒလည်း ပြည့်ပြီလေ။
“အဖေ့ လယ်တဲမှာ လာ လာအိပ်တယ်။ အဖေ့သူရင်း ငှားနဲ့ ပေါင်းပြီး အဖေ မသိ အောင် ၀ိုင်းလုပ်ပေးတယ်ဆို တာလည်း ကျွန်မ ကြားပါတယ်။ ကျွန်မလေ မိန်းမ သိက္ခာကို ခ၀ါချပြီး အဖေ မသိအောင် ခိုးထွက်ရင်း သူရှိရာ လာချင်နေတာ တစ်ပိုင်း သေလို့ပေါ့။ ဒါပေမဲ့ ရှင့်သူငယ်ချင်းက ကျွန်မကို မဆက်သွယ်ခဲ့ပါဘူး။ ဒီလိုနဲ့ပဲ ရွာမှာ ပွဲဖြစ်တော့ ဒီပွဲကို သူ လာလိမ့်မယ် ဆိုတာ ကျွန်မ အတပ်သိနေခဲ့ပါ တယ်။ မှောင်စ ပျိုးပြီးက တည်းက သားနှစ်ယောက် လက်ဆွဲပြီး ကျွန်မလည်း သူ့ကို ဟန်ရေး ပြရင်းရှာနေ၊ သူကလည်း ကျွန်မကိုရှာနဲ့ တေ့လွဲ လွဲနေကြမှာပေါ့။ အော် ပရာထွက်ခါနီး ရောက်မှ ကျွန်မတို့ သားအမိနောက်က နေ ခိုးကြောင်ခိုးဝှက် လိုက် နေတယ်ဆိုတာ သိလိုက်ရတယ်။ ကျွန်မလေ အသည်း တွေ ယားလိုက်တာ မပြောပါနဲ့တော့။ ငါ့မယား၊ ငါ့သား ဆိုတဲ့အတွေး သူ့မှာ ရှိမှရှိ သေးရဲ့လားလို့ နောက်လှည့် ရန်တွေ့ပြီး မေးလိုက်ချင်တာ ပါးစပ်ကို ယားနေတာပဲ။ က လေး နှစ်ယောက်ကလည်း သူတို့အဖေဆိုတာ သိနေတော့ လှည့်ကြည့်လှည့်ကြည့်ဖြစ်နေ ကြတာ။
“ဖြစ်ချင်တော့ ကလေးတွေ ဗိုက်ဆာတယ် ပြောလို့ ခေါက်ဆွဲဆိုင် ၀င်ကြတဲ့အခါ သူ လိုက်ဝင်မလာဘူး။ အဲဒီ မှာ ကိုတင်မောင် တစ်ယောက် ကျွန်မတို့ သားအမိကို ဘယ်လိုက ဘယ်လို မြင်သွားသလဲ မပြောတတ်ပါဘူး။ ကျွန်မတို့ စားနေတဲ့ဝိုင်းကို ၀င်ချလာ တာပါပဲ။ ကျွန်မလေ ကိုတင် မောင်ကို အနူးအညွတ် တောင်းပန်ပြီး ပြန်ခိုင်းပါ သေးတယ်။ မူးမူးရူးရူးနဲ့ ပေကတ်ထိုင်ပြီး ရစ်နေတော့ ကျွန်မလည်း ရှက်ပြီး စိတ် တွေညစ်လိုက်ရတာ မပြော ပါနဲ့တော့။ အဲဒီ အဖြစ်ကို ရှင့် သူငယ်ချင်းက သဘော မပေါက်ဘဲ ကျွန်မနဲ့ ကိုတင် မောင့်ကို အတူတူနဲ့ အနူနူလို့ ထင်သွားမှာပေါ့။ ဆိုင်ထဲ ၀င်လာပြီး ကိုတင်မောင်နဲ့ ရန် ဖြစ်ကြတာပါပဲ။ ကျွန်မနဲ့ ကိုတင်မောင့်ကို သမုတ် လိုက်တာလည်း ရစရာ မရှိဘူး။ လူတွေအုံခဲပြီး ကြည့်နေလို့ ကျွန်မလည်း ရှက်ရှက်နဲ့ ကိုလှဌေးကို ရစရာ မရှိအောင် ရန်တွေ့ ခဲ့မိပါတယ်။ အဲဒါ ကျွန်မ မှားသလား၊ ပြောပါ ဦး ကိုလင်းထွဋ်ရဲ့ အီး ဟီး ဟီး။ ကျွန်မလေ မှားကောင်း မှားနေမှာပါ။ အဲဒါဟာ သူ့ကို ချစ်လို့၊ အားမလို အားမရ ဖြစ်လို့ မှားတဲ့ အမှား ဆိုတာ ကျွန်မ ကျိန်ပြောရဲ ပါတယ် ရှင်။
“အဲဒီည မိုးမလင်းခင်မှာ သူ ဆုံးတယ်လည်း ကြားရော ကျွန်မလေ ရူးမတတ် ဖြစ်ခဲ့ရပါတယ်။ ဒီလိုဖြစ် မယ်မှန်း ကြိုသိခဲ့ရင် သူရှိရာ လယ်တဲ လိုက်သွားပြီး“ကျွန်မလည်း ရှင်နဲ့ အတူနေမယ်၊ ရွာထဲ မပြန်တော့ဘူး”လို့ လုပ် ကောင်း လုပ်မိမှာပါ။ သူ့ ဘက်က တေမိ လုပ်နေသမျှ ကျွန်မ သိက္ခာ ကျချင် ကျပါစေ၊ အဖေ စိတ်ဆိုးပြီး ရိုက်နှက် ကန်ကြောက်လို့ အိမ်ပေါ်က မောင်းချပါစေ ကျွန်မ ခံလိုက်ပါဦးမယ် အီး ဟီး ဟီး။ နောက်ဆုံးတော့ ရှင့်သူငယ်ချင်းက ကျွန်မကို အနိုင်ပိုင်း သွားခဲ့တယ်လေ။ သူ ဆုံးပြီးနောက်ပိုင်း ဟောဒီရွာ မှာရော ကျွန်မရွာမှာပါ ကျွန်မ ဘ၀ဟာ “မိန်းမမိုက်၊ မိန်းမယုတ်”ဆိုပြီး ရေစုန်မျော ခဲ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုလှဌေး အပေါ် ကျွန်မထားတဲ့ သစ္စာတရားကို နတ်တွေ၊ သိကြားတွေ သိရင် တော်ပြီ ဆိုပြီး ဒီနေ့အထိ ဘယ်သူ့ အကူအညီမှ မယူဘဲ ကိုလှဌေး ရှာဖွေ ပေးသွားတာနဲ့ ကျွန်မ သားနှစ်ယောက်ကို အဆင် ပြေအောင် ရှာဖွေ ကျွေးမွေးခဲ့တယ်။ အဖေ့ဆီတောင် သိပ် မပြန်ဖြစ်ဘူး။ နောက်ဆုံး ကျွန်မဘက်က ရုန်းကန် ရှာဖွေနေရင်း မတ်တတ်က လဲကျ သေသွား ပါစေဦး သားနှစ်ယောက် အတွက် တာဝန်ကျေတဲ့ မိခင်ဖြစ်ရင် ကျွန်မ ကျေနပ်ပါပြီရှင် အီး ဟီး ဟီး”
အဲဒီ အချိန်မှာပဲ အလယ်တန်း ကျောင်းသား အရွယ်ကောင်လေး နှစ်ယောက်ဟာ လွယ်အိတ် ကိုယ်စီနဲ့ အိမ်ပေါ် ပြေးတက်လာကြပြီး ကျွန်တော့်ကို မြင်တဲ့ အခါမှာတော့ ကိုယ်ရှိန် တန့်လိုက်ရင်း ကပဲ ရှက်ကိုးရှက်ကန်း ပုံစံတွေ ဖြစ်သွားကြပါတယ်။ မြခက်ကတော့ မျက်ရည်တွေ ကပျာကယာ သုတ်ပြီး သူ့ကလေးတွေနဲ့ ကျွန်တော့်ကို မိတ်ဆက်ပေးပါတယ်။
“ကဲ သားတို့၊ အဲဒီဦးက သားတို့ အဖေရဲ့ ငယ်သူ ငယ်ချင်း ဦးလင်းထွဋ် ဆိုတာပေါ့။ အမေ ခဏခဏ ပြောပြ ဖူးတယ်လေ။ မှတ်မိသေးရဲ့ လား။ ရန်ကုန်မှာ နေတယ် ဆိုတာလေ”
သူတို့အမေ စကား ကြောင့် မျက်ဝန်းကလေးတွေ မှိုင်းမိသွားကြတဲ့ ကောင်လေး နှစ်ယောက်ဟာ ကျွန်တော့်ကို အထူးအဆန်း သတ္တ၀ါ တစ်ကောင်လို ကြည့်နေခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ လှဌေးငယ်ငယ်က ရုပ်နဲ့ ချွတ်စွပ်နီးပါး တူတဲ့ အကြီးကောင် ကလေးဟာ ကျွန်တော့်ကို ခပ်အန်းအန်း ပုံစံနဲ့ ပြုံးပြပြီး...
“သိပါတယ်။ မှတ်မိပါတယ် အမေ။ အဖေ့ကို ဓာတ် ပုံရိုက်ပေးခဲ့တဲ့ ဦးလင်းထွဋ် မဟုတ်လား။ ဟိုမှာလေ ဦး ရိုက်ပေးခဲ့တဲ့ဓာတ်ပုံ”
အကြီးကောင်လေး ညွှန်ပြရာကို ကျွန်တော် ကြည့်လိုက်တဲ့ အခါမှာတော့ ခေတ်ပေါ် နည်းစနစ်တွေနဲ့ ပြန်ကူးပြီး ပုံကြီးချဲ့ထားတဲ့၊ ကျွန်တော် ရိုက်ကူးပေးခဲ့တဲ့ ဓာတ်ပုံထက် လေး၊ ငါးဆလောက် ကြီးနေတဲ့ ဓာတ်ပုံ ထဲက လှဌေးဟာ ကျွန်တော့်ကို ပြုံးပြုံးကြီး ကြည့်နေခဲ့ပါ တယ်။ ကျွန်တော့် အာရုံထဲမှာ တော့ လှဌေးရဲ့စကားသံတွေကို ကြားနေရသလိုလိုပါပဲ။
“မင်းမတွေ့ဖူး၊ မမြင်ဖူးတဲ့ ငါ့မိန်းမနဲ့ ငါ့သားတွေဆီက မင်းကို ကောင်းကောင်း ကြီး သိနေတယ်ဆိုတဲ့ အကြောင်း ကြားရလို့ အံ့သြနေသလား သူငယ်ချင်း။ မအံ့သြပါနဲ့ ကွာ။ မင်းရွာက ထွက်သွား ပြီးကတည်းက ငါနဲ့ ပတ်သက် ခင်မင်သမျှ လူတွေကို မင်းအကြောင်းတွေ တသသ၊ တဖွဖွ ပြောခဲ့မိတာကိုး။ မြခက်ကို ဆိုရင် ပိုဆိုးတာ ပေါ့ကွာ။ အဲဒါ ဘာကြောင့်လို့ မင်းထင်သလဲ သူငယ်ချင်း။ မင်းကို ငါဘယ်လောက် အထိ သံယောဇဉ်တွယ်၊ ချစ်ခင်ခဲ့ရသလဲ ဆိုတဲ့ သဘော တရားကြောင့်ပေါ့ကွာ”
လှဌေးရဲ့ဓာတ်ပုံကို ကျွန်တော်နဲ့ အတူ မော့ကြည့် နေကြတဲ့ ကလေးနှစ်ယောက် ရဲ့ပခုံးကို ခပ်ဖွဖွ ဖက်လိုက်စဉ် မှာပဲ ကျွန်တော့်ကို အားကိုးတကြီး ပုံစံတွေနဲ့ ပြန်လည် ဖက်တွယ်ရင်း ငိုရှိုက်စပြုလာ တဲ့ ကလေးနှစ်ယောက် ကြောင့် ကျွန်တော့်မျက်ဝန်း အိမ်ထဲက မျက်ရည် တစ်ပေါက်ဟာ ကြမ်းပြင်ပေါ်သို့ ဖြောက်ခနဲ ကျဆင်းသွားခဲ့ရ ပါတယ်လေ။
အချစ်ကြောင့် မှားကြတယ်
တရွေ့ရွေ့ ထွက်ခွာလာတဲ့ နွားလှည်းပေါ်ကနေ ကော့ရပ်ရွာ ရှိရာဘက်ကို ပြန် ကြည့်လိုက်တဲ့ အခါမှာတော့ မိုးငွေ့တွေ ဝေ့နေတဲ့ ကျွန်တော့်တို့ ရွာကလေးဟာ “မပြန်ပါနဲ့ဦး လင်းထွဋ်ရယ်”လို့ ပြောဆို၊ ငိုကြွေးပြီး ကျွန်တော့်ကို တားဆီး နေသယောင် ယောင်ပါပဲ။ ရွာထိပ် ကုက်္ကိုပင် အောက်မှာ လက်ပြနှုတ်ဆက် ရင်း ကျန်ရစ်ခဲ့ကြတဲ့ မြခက်နဲ့ သားနှစ်ယောက်ကတော့ ဆက်လက် ငိုရှိုက်နေဦးမှာ အသေအချာပါပဲ။ ထုံးဖြူဖြူ စေတီ ကလေးနဲ့ ဝေးသထက် ဝေးပြီး သေးသထက်သေး လာတဲ့၊ အုံ့ဆိုင်း သာယာလှပလွန်းတဲ့ ကျွန်တော့်တို့ ရွာက လေးကို ကြည့်ရင်း ရင်ထဲမှာ မွန်းကျပ်ပြည့်သိပ် လာတဲ့ အတွက် ရန်ကုန် မပြန်တော့ဘဲ လှည်းပေါ်က ခုန်ချပြီး ရွာဘက် ပြန်ပြေးသွားချင် စိတ်တွေ ပေါ်ခဲ့ရပါတယ်။ ရွာမှာ ဆက်နေဖြစ်ခဲ့တဲ့ ၁၅ ရက် လောက်အတောအတွင်းမှာ ကျွန်တော့်ဆွေမျိုးတွေရဲ့ ပြု စု၊ ယုယ၊ ဂရုစိုက်မှုထက် အဆများစွာ ပိုသာတဲ့ မြခက်နဲ့ ကလေး နှစ်ယောက်ရဲ့ ဧည့်ဝတ် ကျေပွန်မှုတွေဟာ ကျွန်တော့် ရင်ထဲက သံယောဇဉ်ကြိုးကို ဆွဲဆန့်သလို ဖြစ်ခဲ့တာ အမှန်ပါ။
ဘာပဲဖြစ်ဖြစ် လှဌေးကို အချိန်ပြည့် သတိရ၊ တမ်းတ နေတတ်ကြတဲ့ သားအမိ တစ်တွေဟာ တစ်ခါမှ မမြင်ဖူးတဲ့ ကျွန်တော့်ကို ဖြူစင်မှု များစွာနဲ့ တွယ်မိတွယ်ရာကြံ ဖန်တွယ်ခဲ့ကြတယ် ဆိုတာ သိလိုက်ရတဲ့ အတွက် ပီတိ များစွာနဲ့ ရင်နာရပြန်ပါတယ်။ တကယ်တော့ အချစ်ဆိုတာ မီးလိုပါပဲလေ။ သုံးတတ်ရင် မိတ်ဆွေ၊ မသုံးတတ်ရင် ရန်သူဆိုတာ သေချာခဲ့ပါပြီ။ ဒီဇာတ်လမ်းလေးမှာ ဦးတင်ငွေ၊ လှဌေးနဲ့ မြခက်တို့ တစ်ယောက်မှ မမှားကြဘူးလို့ ကျွန်တော် ယူဆပါတယ်။ သူ့နည်းသူ့ဟန်၊ သူတို့ အတ္တနဲ့ သူတို့ အကုန် မှန်နေကြမှာပါ။ မှားခဲ့ကြတယ် ဆိုရင်လည်း ပုံစံ အမျိုးစုံနဲ့ လူတွေ ကြားထဲ ၀င်ရောက်လာတတ်တဲ့ အချစ် ဆိုတာကြီးကြောင့် မှားကြတာပဲဖြစ်မှာပါ။
ဒီလိုနဲ့ပဲ လှည်းပေါ်မှာ ထိုင်ပြီး မျက်ရည် အရွှဲသားနဲ့ လိုက်ပါ လာခဲ့ရတဲ့ ကျွန်တော့် ကိုယ် ကျွန်တော်လည်း “ငါ ဘာများ မှားခဲ့လို့ ဒီလောက် အထိ ငိုနေရတာလဲ”လို့ ပြန်လည်သုံးသပ် ကြည့်တဲ့အခါ မှာတော့ အဲဒီ အချစ် ဆိုတာကြောင့်ပဲ သနားစရာ မြခက်တို့ သားအမိ တစ်တွေကို တွယ်မိတွယ်ရာ ကြံဖန် တွယ်လိုက်မိလို့ ကျွန်တော်လည်း သူတို့ နဲ့ ထပ်တူမှားပြန်တယ်ဆိုတာ သိလိုက်ရပါတယ်။

ထွန်းတောက်ထွဋ်၊သင်္ချာ၊
(ရွှေအမြုတေ မဂ္ဂဇင်း၊ဧပြီလ ၂၀၁၁)
(ရွှေအမြုတေ မဂ္ဂဇင်း၊ဧပြီလ ၂၀၁၁)
သူမက ရုပ်ချောချော ကျွန်တော်က အပြောကောင်းကောင်း
|
“မောင်ခိုင်ပွင့်ရေ ဒီမှာ မင်းဧည့်သည်ဟေ့”အိမ်ရှေ့မှ လှမ်းအော်လိုက်သော ဦးလေး၏ အသံကြောင့် စာရေးနေသော လက်များ ဆွံ့အကုန်သည်။ ရန်ကုန်ကို ရောက်သည်ကမှ သုံးရက်ပဲ ရှိသေးသည်။ ဟန်းဖုန်းကိုပါ ပိတ်ပြီး သူငယ်ချင်းများကို အဆက် ဖြတ်ထားသည့် ကြားထဲ စောစောစီးစီး မည်သို့သော ဧည့်သည်မျိုး ရောက်လာသည်မသိ။ ရေးလက်စ ၀ထ္ထုကို ရောက်သည့် နေရာမှာ ခဏ ရပ်ထားပြီး အခန်းထဲမှ ထွက်လာခဲ့၏။ အိမ်ရှေ့ဧည့်ခန်းသို့ ရောက်သောအခါ အိမ်သား ကလေးငယ်က လွဲ၍ မိမိ အသိအကျွမ်း တစ်စုံတစ်ယောက်ကိုမျှ မတွေ့ရသဖြင့် ကြောင်စီစီ ဖြစ်နေသည်။ ဧည့်သည်က ဘယ်မှာပါလိမ့်။ ခြံတန်းပေါ်နွယ် တက်နေသည့် ပန်းပင်များကို ရေဖျန်းနေသော ဦးလေးထံ လှမ်းမေးမည် ပြုလိုက်တော့မှ ရှေ့ဝရန်တာ ဆက်တီတစ်နေရာတွင် ခပ်ယို့ယို့ ထိုင်နေသော ပုံရိပ်တစ်ခုကို သတိထားမိပြီး စူးစိုက်ကြည့်မိသည်။ သြ-မိန်းကလေး တစ်ယောက်ပေပဲ။ ကျွန်တော် သူမထံ အကြည့်တစ်ချက် ရောက်သွားသည့် အချိန် သူမကလည်း ပါးနပ်စွာနှင့် ရုတ်တရက် မတ်တတ်ထရပ်သည်။ တစ်စုံတစ်ရာ မေးမည်ဟု ပါးစပ်ပြင်ရုံ ရှိသေးသည်။ သူမက ဖျတ်လတ်သွက်လက်စွာ ပြောလာ၏။ “ဆရာ၊ ကျွန်မ မြကျေးပါ” “ဟော်...” ကျွန်တော်၏ မပီမသ အာမေဍိတ်သံနှင့် အတူ သူမနှင့် ကျွန်တော်တို့ အပြုံးချင်း ယှက်သွယ် မိကြသည်။ မြကျေးဆိုတာ သူကလေးကိုး။ လစဉ်ထုတ် မဂ္ဂဇင်းများတွင် ခပ်စိပ်စိပ် ပါလေ့ရှိသည့် ကျွန်တော်၏ အချစ်ဝတ္ထုများ အပေါ် အရူးအမူး ဖြစ်မိသည်ဆိုသော မိန်းကလေး တစ်ယောက်အနေနဲ့ သာမက ကိုယ်တိုင် စာရေးရန် အားယူကာ ကျိတ်ပုန်းကလေး ကလောင် သွေးနေသည့် “နေကြည်ချမ်းမြ” ခေါ် မြကျေးကား ကျွန်တော့် ရှေ့မှောက်မှာ ရောက်နေခဲ့ပြီကော။ သူမ က ကျွန်တော့်ထံ အကြိမ်ကြိမ် ရေးပို့ခဲ့သော စာများကို အခုထိ တခုတ်တရ သိမ်းဆည်း ထားဆဲ။ တကယ်ဆိုလျှင် သူမထံမှ မိတ်ဆက်စာသာ မဟုတ်သေး။ သူမကိုယ်တိုင် လက်တည့်စမ်း ရေးထားသည့် ၀တ္ထုတို စာမူများကိုပါ လက်ခံ ရရှိဖူးသည်။ ကျွန်တော်လည်း စာမူများအား အကျေအလည် ဖတ်ပြီး သဘောထား မှတ်ချက်နှင့် တကွ ဝေဖန် အကြံပေး စာများကို ပြန်လည် ပေးပို့ခဲ့ရာ အဆိုပါ စာများလည်း သူမထံမှာ ရှိနေနှင့်ပြီ။ ဟော- ယခုကဲ့သို့ လူချင်း တေ့တေ့ဆိုင်ဆိုင် တွေ့ရသော အခါ အံ့သြမှုနှင့် အတူ ဖော်မပြတတ်သော စိတ်လှုပ်ရှားမှု ကလေး ဖြစ်ရသည်မှာ အမှန်။ ဧကရာဇ် မဂ္ဂဇင်း အုပ်တစ်ရာပြည့် အထူးထုတ် တုန်းက ကျွန်တော့် ၀တ္ထုနှင့် အတူ နေရပ်လိပ်စာကိုပါ ဖော်ပြခဲ့သဖြင့် ထိုလိပ်စာ အရပင် မြကျေးက ကျွန်တော့်ထံ မိတ် ဆက်စာ စရေးခဲ့သည်။ စစ်စစ်ပေါက်ပေါက် တွက်ရေသော် သုံးနှစ်သုံးမိုးမျှ ကြာပြီ။ သူမ၏ ကိုယ်တိုင်ရေး ၀တ္ထု တို ငါးပုဒ်လောက်ကိုလည်း ကျွန်တော် အကဲဖြတ် ပေးခဲ့ဖူး ပြီ။ ထိုအကြောင်းကြောင့်ပင် လျှင် ကျွန်တော်နှင့် သူမတို့ စာချင်း ဆက်သွယ်ကာ ရင်း နှီးခဲ့ရသည်။ ယခု ရန်ကုန်သို့ လာသည့် ခရီးစဉ်နှင့် တည်းခိုမည့် လိပ်စာတို့ကိုပါ ဖုန်းဖြင့် ပြောပြထားခဲ့ရာ ကျွန်တော့်ထံသို့ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ရှိလာခြင်း ဖြစ်သည်။ ရုတ်တရက် ကျွန်တော်က ငေးငေးငေါင်ငေါင်၊ သူမက ယို့ယို့ ရပ်လျက် အနည်းငယ် တိတ်ဆိတ်သွား၏။ တကယ်ဆိုလျှင် ယခုကဲ့သို့ အိမ်တိုင်ရာရောက် လာတွေ့လိမ့်မည်ဟု မမျှော်လင့်ရဲခဲ့ ချေ။ ခရီးအစတွင် အမှား မရှိအောင် ဆင်ခြင်ဖို့ သတိဝင် လာပြီး သူမကို အကဲခတ် ကြည့်နေမိသည်။ နေကြည်ချမ်းမြဟူ သော အမည်နှင့် လိုက်ဖက်လှ ချေတကား။ နံနက်ခင်းထွန်း သစ်စနေပမာနှယ် ကြည်လင် တက်ကြွ စိုပြည်သော အလှများက သူမ ခန္ဓာကိုယ်မှာ ကြွယ်ဝနေသည်။ ခေတ်မီမီ ၀တ်စား ပြင်ဆင်မှုကြောင့် ပိုမို ထင်ပေါ်နေသော်လည်း ပူလောင်ရှတမှုမျိုး မဟုတ်။ တည်တည်ငြိမ်ငြိမ်နှင့် နွေးထွေးရုံမျှ။ ဆံပင်၊ အသားအရေ၊ အရိုး၊ အရွယ်၊ အလှငါးပါး တို့ကား သူမထံပါးမှာ အဆင် ပြေစွာ ကပ်ငြိနေကြ၏။ အသားရောင်ဝါဖန့်ဖန့်၊ စိုပြည် သောမျက်ဝန်းအစုံ၊ တောင်နှာ မောင်းသဖွယ် ခပ်ပြေပြေ ကွေးသွားသော မျက်ခုံးက လည်း ဆွဲဆောင်မှု အားကောင်းသည်။ ဖူးဖူးစို့စို့ နှုတ် ခမ်းများက ညှို့အားတင်စ လေးကိုင်းသဖွယ် မို့မို့ငုံငုံ။ နဖူး၊ ပါးတို့နှင့် အစပ်ညီစွာ ဆင်းသည့် နှာတံကလေးက လည်း ညီညွတ် ပြေပြစ်သည်။ ခါးအကျ၊ တင်ပါး၊ ပေါင်တံတို့မှာ စုတ်ချက် မိသော ပန်းချီကားထဲက နတ်မိမယ်သဖွယ်။ ဤမျှလှပသော ကောင် မလေးနှင့် ရင်းနှီးကျွမ်းဝင်ခွင့် ရသည့် ကျွန်တော့်ကိုယ် ကိုပင် မယုံချင်။ မည်သို့ဆိုစေ ရုပ်ချောချော သူမနှင့် ရင်းနှီး ရသည်ကိုကား ကျေနပ် နေမိသည်။ “ခွင့်လွှတ်ပါ မြကျေး၊ လူချင်း တစ်ခါမှ မမြင်ဖူးတော့ လေ၊ အင်း ဘယ်ကစ ပြောရ မှန်းတောင် မသိတော့ဘူး” ကျွန်တော်က တောင်းပန်ပြောကလေး ပြောလိုက် သောအခါ သူမ၏ မျက်လုံးများက အပြုံးစွက်ကာ ပိုမို တောက်ပလာ၏။ “ဟင်း ဟင်း ဆရာကလည်း၊ ဇာတ်ကောင်တွေ နေရာက အရမ်း အပြောကောင်း တဲ့ စာရေးဆရာတောင် ဘယ်က စပြောရမယ်မှန်း မသိရင် မြကျေးက ပိုဆိုးရောပေါ့ ဆရာရဲ့” သူမက ပီဘိကလေး ငယ်တစ်ဦးနှယ် အပြစ်ကင်းစွာ ရယ်မော ကြည်ရွှင်နေသည်။ ချိုလွင်သော သံစဉ် က ရင်ထဲသို့တိုင် တငြိမ့်ငြိမ့် စီးဝင် လာကုန်၏။ ကျွန်တော်က ဆက်တီခုံမှာ သူမနှင့် မျက်နှာချင်းဆိုင် ၀င်ထိုင် လိုက်သည်။ မွှေးထုံသော ကိုယ်သင်း ရနံ့က လေထဲမှာ လူးလွန့် တွင်ကျယ်နေလေ၏။ “ကျွန်တော်တို့ အပြင်ထွက် လမ်းလျှောက်ရင်း စကား ပြောကြရအောင်လား။ မြကျေးကိုလည်း လက်ဖက်ရည်နဲ့ ဧည့်ခံပါရစေ။ အိမ်သားတွေက ရွာက အလှူ တစ်ခုကို သွားကြလို့ ဦးလေးနဲ့ သူ့မြေးကလေးပဲ ကျန်ခဲ့တာကြောင့် ဘာမှ မပြည့်စုံဘူးလေ” သူမက ဘေးဘီဝဲယာ တစ်ချက်လှည့်ကြည့် အကဲခတ်ရင်း ခေါင်းညိတ်သည်။ ကျွန်တော်က ဦးဆောင်၍ နှစ်ယောက်သား လမ်းလျှောက် ခဲ့ကြသည်။ လမ်းသွားလမ်းလာ များက ကွက်ကြည့်ကွက် ကြည့်။ သူမ၏အလှကို ဥပေက္ခာ မပြုနိုင်ကြတာဘဲ ဖြစ်မည်။ “အခု ထုတ်မယ့် လုံးချင်းဝတ္ထု ရေးပြီးသွားပေမယ့် ဇာတ်သိမ်းပိုင်းကို စိတ်တိုင်း မကျသေးလို့ ပြန်ပြင် ရေးနေတာ မြကျေးရေ၊ စာပေ တိုက်ကလည်း လောနေပြီဆိုတော့ မြန်မြန် ရေးရမှာ၊ အင်း- မြန်မြန် ဆိုတာတောင် ရေးပြီးရင် ထုတ်ဝေသူနဲ့ ညှိနှိုင်းစရာလေးတွေ ရှိနေသေးလို့ တစ်လ နီးပါးလောက် ကြာဦးမယ် ထင်တာပဲ” “ဟယ်- ဒါဆို ပျော်စရာကြီးပေါ့၊ မြကျေးက ဆရာနဲ့ မကြာခဏ တွေ့ပြီး ဆွေးနွေး နိုင်တော့မယ်၊ ဘွာ ဘွာ ဆရာ အချိန် ပေးနိုင်တဲ့ အခါမျိုး ပြောတာနော်” သူမက လက်ခုပ်တီး မည်ကဲ့သို့ လက်ဝါး နှစ်ဖက်ကို ခပ်အုပ်အုပ် လုပ်လျက်က ကျွန်တော့်ကို ငဲ့စောင်း မော့ကြည့်သည်။ ကျွန်တော်က အားနာပါးနာ ခေါင်းညိတ်မည် အလုပ် ချက်ချင်းတောင်း ပန်လာပြန်သည်။ ရော်-တွက်တီးတွတ်တာ သာလိကာ မလေးပါလား။ လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှာ ၀င်ထိုင်ကြသည်။ “ကဲ- မြကျေး၊ ဘာ သောက်မလဲ ပြော” “မြကျေး မပြောတတ်ဘူး။ ဆရာမှာတာ သောက်တာပေါ့။ ကျောင်းပြီးသွား ကတည်းက လက်ဖက်ရည် ဆိုင် မထိုင်ဖြစ်တာလေ” စားပွဲထိုးကလေးက တိုင်းပြည်မှား ရောက်လာသော နတ်မိမယ်ကလေးကို နားမလည်နိုင်သည့် ပုံဖြင့် ကြည့်လျက် ထွက်ခွာ သွားလေသည်။ “ဆရာ အခုရေးနေတဲ့ လုံးချင်းဝတ္ထု နာမည်က ဘာလဲဟင်” “သူမက ရုပ်ချောချော ကျွန်တော်က အပြောကောင်းကောင်း” “ရှင်...” “အခုထုတ်မယ့် လုံးချင်းဝတ္ထု နာမည်လေ” “အား- အမိုက်စားပဲ၊ လန်းတယ်နော် ဆရာ” သူမက လှပစွာ ရယ်မောပျော်ရွှင် နေပြန်၏။ ချထားသော လက်ဖက်ရည်ခွက်ကိုမူ သူမ စိတ်ဝင်စားပုံ မပေါ်။ ကျွန်တော်က ပေါ့ဆိမ့် အရသာကို တရှိုက်မက်မက် ကျိုက်နေလိုက်သည်။ “ဆရာ၊ ဟိုတစ်ခါက ထုတ်တဲ့ ရှိုက်သံမဲ့သော မျက်ရည်များ ၀တ္ထုထဲကလို ဇာတ်သိမ်းမှာ မင်းသားနဲ့ မင်းသမီးကို ခွဲပစ်ဦးမှာလား၊ အဲဒီတုန်းကဆို မြကျေးလေ လွမ်းကျန်ခဲ့တာ၊ သိလား” သူမ၏ လွမ်းလွမ်းမောမော စကား အဆုံးတွင် ကျွန်တော် သူမထံ မျက်ခုံးပင့် ကြည့်လိုက်သည်။ “အင်း- ဒါကတော့ မြကျေးလည်း သိသားပဲ။ ဇာတ်ကောင် စရိုက်ကို လိုက်ပြီး သူတို့ကို ပုံဖော် ပေးရတာ။ စာရေးဆရာက ကိုယ့်စိတ် ကြိုက်ရေးချင်လွန်းလို့ ဇာတ်ကောင်စရိုက်တွေ ကမောက်ကမ ဖြစ်သွားရင် အနုပညာ တန်ဖိုး လျော့သွားတတ်တယ်။ ဇာတ်ကောင် စရိုက်ကို ကာလ၊ ဒေသ၊ ပယောဂတွေ သက် ရောက်တဲ့ ခေတ်အမြင်နဲ့ တွဲခေါ်ရတယ်။ အခု ပြောနေကြတဲ့ ခေတ်ပြိုင် ခံစားမှုပေါ့ လေ။ ပြောရရင် စာရေး ဆရာဟာ ကိုယ့်ဇာတ်ကောင်ကို ကိုယ်မပိုင်ဘူး” “ဆရာ့ ဆွေးနွေးချက်က မြင့်တောင်လာပြီ။ ဒါပေမဲ့ ဆရာရယ်၊ ကလောင်ဖျားမှာ ဇာတ်လမ်း ရှိနေနိုင် တာပဲ ဥစ္စာ” သူမက နှုတ်ခမ်း စူသ လိုလိုနှင့် မကျေမနပ် ပြောနေ ပုံကို ကျွန်တော် ရယ်ချင်လာမိ သည်။ ကျွန်တော် မနိုင်သော ဇာတ်ကောင်တစ်ယောက် ကျွန်တော့်ရှေ့မှောက်မှာ ရောက်ရှိလာပြီ ထင်၏။ “အေးလေ၊ ဒီအတိုင်းဆို ရင် ကျွန်တော် မြကျေး အကြိုက်ဝတ္ထု တစ်ပုဒ် ရေးဦး မှဖြစ်တော့မယ်” ကျွန်တော် အချော့တော်၍လား မဆိုနိုင်။ သူမ သဘောကျစွာ ကြည်နူးပြုံးပျော် နေလေသည်။ ထိုအချိန်တွင် သူမ၏ လက်ကိုင် သားရေအိတ်ထဲက ဖုန်းသံမြည်လာ၏။ သူမက ဖုန်းကိုထုတ်၍ စကားပြောသည်။ “အင်းပါ အင်းပါ၊ ခုပဲ သွားတော့မလို့၊ စိတ်ချပါ အမေရဲ့၊ ဟုတ် ဟုတ်” ဖုန်းပြောပြီးနောက် ကျွန်တော့်ဘက် စကားဦးပြန် လှည့်သည်။ “အဖေနဲ့ အမေ ခရီး ထွက်သွားလို့ ဆိုင်ကို မြကျေးပဲ တာဝန် ယူထားရတယ် ဆရာရယ်။ အခု သူတို့ မန္တလေးကနေ လှမ်းဆက်တာ။ စိတ်ညစ်ပါတယ်၊ မြကျေး မသွားလည်း သူ့ဟာနဲ့သူ ဖြစ်နေတဲ့ ဥစ္စာ” သူမက စိတ်ပျက်လက် ပျက်အမူအရာနှင့် ဖုန်းကိုပိတ်ကာ ခပ်တွေတွေ လုပ်နေ၏။ “ကဲပါ မြကျေးရယ်၊ နောက်တော့ တွေ့ကြတာပေါ့၊ ကျွန်တော် ဘယ်ကို လိုက်ပို့ ပေးရမလဲ ပြော” “မပို့ပါနဲ့ဆရာ၊ မြကျေး မှာ ကားပါတယ်၊ ဆရာတို့ အိမ်ရှေ့မှာ ရပ်ထားခဲ့တာပဲ” စောစောက အိမ်ရှေ့မှာ ရပ်ထားသည့်ကားကို သူမ၏ ကားဟု မထင်ခဲ့မိချေ။ အိမ်ဘက်သို့ ပြန်လျှောက်ခဲ့ကြပြီး သူမက ငြိမ့်ညောင်း လှပသော ခေတ်ပေါ် မော်ဒယ်မြင့်ကားကြီးကို ကိုယ်တိုင်မောင်း၍ ထွက်ခွာသွားသည်။ သူမက ကားပေါ်မှ လက်ပြ နှုတ်ဆက်သည်ကို ကျွန်တော်က ခေါင်း တစ်ချက်ညိတ်ကာ အသိ အမှတ်ပြု ပေးလိုက်သည်။ “နောက်နေ့မှပဲ ဆရာ့ကို မြကျေး လာခေါ်ဦးမယ်၊ ရန်ကုန် ရောက်နေတုန်း မြကျေးက အိမ်ရှင်ဆိုတော့ ဧည့်ဝတ် ကျေပါရစေ ဆရာ” တစ်နာရီခန့် ကားမောင်းလာပြီးသော အခါ သီးသန့် ခြံဝင်းကျယ်တစ်ခုထဲသို့ ချိုးကွေ့ဝင်လိုက်ပြီး ထီးထီး မားမား ခံ့ညားနေသည့် တိုက်ကြီး၏ ပေါ်တီကို အောက်တွင် ငြိမ့်ခနဲ ထိုးရပ်လိုက်သည်။ ကားပေါ်မှဆင်းပြီး သူမနှင့် အတူ တိုက်အိမ် တံခါးဝသို့ လျှောက်လာစဉ် နီညိုရောင် မှန်တံခါးချပ်ကြီးများက အလိုက်သင့် ဟလာသဖြင့် လှမ်းဝင်လိုက်ကြသည်။ “မြကျေးက နေ့တိုင်းလို အားနေတာပါ ဆရာ။ ဆရာ အားလပ်ရက်ကိုပဲ စောင့်နေရ လို့ အခုမှ ထမင်းဖိတ်ကျွေး ဖြစ်တော့တာ။ စားဖိုမှူး ဒေါ်နန်းက ဟင်းချက်တအား ကောင်းတယ် ဆရာ။ အားမ နာတမ်းနော်၊ အလှစား မဟုတ်ဘူး။ အ၀စား ဟဲ ဟဲ” တကယ်တမ်း ဆိုလျှင် ဟိုတယ်တမျှ ခမ်းနားလှ သော ဤထမင်းဝိုင်းမျိုးကို ကျွန်တော် မမျှော်လင့်ခဲ့။ အစုံ စုံအမည်မည် ဟင်းလျာများမှာ နာမည်ပင်မခေါ်တတ် သောအမည်များလည်း ပါ လိုက်သေးသည်။ သူမ ကိုယ်တိုင် ဟိုကတစ်ဇွန်း၊ သည်က ဇွန်းနှင့် ပန်းကန်ပြားထဲသို့ ထည့်ပေးလာသည်မှာ အမို့ အမောက်၊ စား၍ မကုန်နိုင်စရာ။ “ဆရာ၊ ဒီလို အားလပ်ရက်မျိုးကြုံတိုင်း မြကျေးနဲ့ ဒီမှာစားရမယ်နော်” သူမ၏ လောကွတ်က မဖြစ်မနေ လိုက်နာရန်ချည် ပြီးတုပ်ပြီးသည် အထိ ခရီး ရောက်နေသည်။ ကျွန်တော့် အဖို့ ခေါင်းညိတ်ရခက်၊ ခေါင်းခါရခက်နှင့် ထမင်းကိုသာ ခပ်မဆိတ်လွေးနေ လိုက်သည်။ တကယ်က ကျွန်တော့်၌ ထမင်း လိုက်စားရန် မအားလပ်စရာ မရှိသော်လည်း သဒ္ဓါလွန်း ဆွမ်းတော်တော် မရပ်ဖို့ သတိ မပျက်ခဲ့။ သည်ကြားထဲမှာပင် လေးငါးရက် တစ်ကြိမ်စီလောက် သူမနှင့် အတူ ထမင်းစားဖြစ်သေး သည်။ ကျွန်တော်တို့ နှစ်ဦး ကြားမှာ ဟန်ဆောင်ခြင်းတို့ကို ခ၀ါချ၍ ရသည်အထိ ရင်းနှီးပွင့်လင်း နိုင်ခဲ့ပြီ။ တစ်ကြိမ်တွင်တော့ ကျွန်တော်ကိုယ်နှိုက်က တစ်ရက်လုံးလိုလို အားလပ်နေခဲ့ သဖြင့် သူမနှင့်အတူ သွား လာလည်ပတ်ရင်း ထမင်းစားဖို့ ကြုံလာသည်။ ထိုနေ့က သူမပုံစံသည် ယခင်ကာလ များကထက် ပိုမိုလွတ်လပ် ပေါ့ပါးကာ ပျော်ရွှင်နေပုံရ သည်။ သူမက ကားကိုအိမ်သို့ တန်းမမောင်းသေးဘဲ အချိန်ရသည် ဆိုကာ ပလာဇာ ရှိဆိုင်ခန်းသို့ သွားရန်ပတ် မောင်းလာသည်။ မြကျေးတမာ Gems & Jewellery ဆိုင်ခန်းဆီသို့ လျှောက်လာကတည်းက အစောင့်များက တံခါးကိုအခန့်သင့် ဖွင့်လျက် သူမကို ဦးညွတ်ကာ အရိုအသေပေးကြသည်။ ၀င်လိုက်သည်နှင့် သူ့ နေရာနှင့်သူ အလုပ်လုပ်နေ သူများကပါ အလုပ် တန်းလန်းနှင့် ထရပ်ကာ အပြုံးနှင့် ကြိုဆိုကြသည်။ ကျွန်တော်က သူမ နောက်မှ လိုက်ပါ၍ အိစက်ညက်ညောသော ကော်ဇောခင်းပေါ်နင်း လျှောက်ရင်း ပြိုးပြိုးပြက်ပြက် တောက်ပနေကြ သည့် ကျောက်မျက်များကို ငေးမောကာ စကားဟဟ မဆိုနိုင်တော့ချေ။ ကျောက်မျက်ကောင်တာ တစ်လျှောက် ကြည့်ရှုနေ သူများ၊ ဈေးစကားပြောနေ သူများအပြင် ၀ယ်ယူသူများက ကျောက်မျက်ပညာရှင် များနှင့် ရတီချိန်ခြင်း၊ စစ်ဆေးခြင်း၊ ငွေချေခြင်းများ ပြုလုပ်လျက် ရှိကြသည်။ “အဲဒါ နီလာတွေပါ ဆရာ၊ ဒီဘက်မှာ ကျောက်စိမ်း၊ ဟိုဘက်ကဟာမြ၊ ဥဿဖရားနဲ့စိန်၊ ကျန်တာ တွေက နည်းနည်းပါးပါးပေါ့” “သြော်- အေး အေး” ကျွန်တော်သံယောင် လိုက်ရုံမှ တစ်ပါး- “ကျောက်မျက်ပညာ တွေက အလေ့အကျင့်ရယ်၊ အတွေ့အကြုံရယ် ပေါင်းစပ် ပြီး သင်ယူရတာဆရာ။ အရိုင်းကနေအယဉ်၊ ပြီးတော့ ရွှေနဲ့ပေါင်းစပ်ပြီး အထည် လုပ်တဲ့အထိ တော်တော် ကျယ်ကျယ်ပြန့်ပြန့် လေ့လာ ရတယ်၊ တစ်ထိုင်တည်းမှာ ပြောရင်တော့ ဆရာနားရှုပ် သွားလိမ့်မယ်၊ နောက်မှ ဆရာ့ကို ကျောက်မျက်တွေရဲ့ စိတ်ဝင်စားစရာ အကြောင်းအရာ တွေကို ပြောပြရဦးမယ်၊ ဆရာ့ ဇာတ်လမ်းတွေထဲမှာ ထည့်ရေးလို့ ရလောက်တယ် သိလား” ကျွန်တော်က ခေါင်း တညိတ်ညိတ် လုပ်နေရသည်။ “ဟော- ရှာလိုက်ရတာ မြကျေးရယ်၊ မနေ့ညကလည်း ဖုန်းပိတ်ထားလို့ ဆက်သွယ်တာ မရခဲ့ဘူး။ ဒီ မှာရှိလောက်တယ် ထင်လို့ လိုက်လာတာ” ကျွန်တော်နှင့်သူမထိုင် စကားပြောနေရာသို့ အနောက်တိုင် ၀တ်စုံနှင့် လူရည်သန့် တစ်ယောက် ရောက်လာပြီး သူမကို အမောတကော ပြောလာသည်။ အနှီပုဂ်္ဂိုလ်က ကျွန်တော့်အား ဇဝေဇ၀ါနှင့် အကဲခတ်နေ၏။ “ကိုယ် ဒီညနေပဲ ဦးလေးတို့ ရောက်နေတဲ့ ကျင်း အထိ လိုက်သွားရဦးမယ်။ မြ ကျေး ဘာမှာချင်သေးလဲလို့” ထိုလူက အရေးတကြီး ပြောပြနေသလောက် သူမက အေးစက်စက် အမူအရာနှင့် တုံ့ ပြန်နေ၏။ “သြော်- အင်း၊ ပုံမှန်ပါ ပဲလို့၊ ကိုဇော်မြင့် တွေ့တဲ့ အတိုင်းပဲ၊ မြကျေးဆိုင်ကို ရောက်တာကို ပြောပြလိုက် ဦးနော်၊ အားလုံး စိတ်ချနေ ပါလို့” သူမက ကျွန်တော်နှင့် အတူ ၀င်လာတုန်းကကဲ့သို့ ကြည်ရွှင်ပေါ့ပါး နေပုံမရဘဲ တစ်ချက်တစ်ချက် မျက်မှောင်ကုတ်ကာ တစ်ဖက်လူကို ပြောနေသည်။ မကြာမီ ထိုလူ ထွက်သွားလေ၏။ ထိုနေ့က သူမအိမ်မှာ နေ့လယ်စာ ထမင်းစားပြီးနောက် ကျွန်တော့်ကို ပြန်ပို့ရာ လမ်းတစ်လျှောက်တွင် ကား မောင်းရင်း တည်တည်ငြိမ်ငြိမ် စကားများ ပြောလာသည်။ “အောင်မြင် ပျော်ရွှင်တဲ့ ဘ၀တစ်ခု တည်ဆောက်ဖို့ ဘာတေ လိုအပ်တယ်လို့ ဆရာ ထင်သလဲဟင်” ကျွန်တော်က သူမကို တအံ့တသြ ကြည့်ရင်း တွေးတွေး ဆဆပြောလိုက်သည်။ “မြကျေးကော ဘယ်လို ထင်ထားလဲ၊ ပြောကြည့်ပါ ဦး” သူမထံမှ ရုတ်တရက် အသံထွက်မလာခဲ့။ လေး လေးနက်နက် စဉ်းစားနေပုံရ ၏။ “ဆရာသိတဲ့အတိုင်းပဲ၊ မြကျေးက သင်္ချာနဲ့ ကျောင်း ပြီးလာတာ၊ သင်္ချာဟာ အကြွင်းမဲ့ တိကျတဲ့ သိပ္ပံ ဘာသာရပ်တော့ မဟုတ်ဘူး ဆရာ။ ကိန်းဂဏန်းတွေကို ပေါင်းနုတ်မြှောက်စားလုပ် တဲ့အခါ ထင်ယောင်ကိန်း တွေ၊ ဒသမတွေ၊ လက်တွေ့ ရေးချလို့ မဖြစ်နိုင်တဲ့ ဂဏန်းတွေကိုတောင် မပြတ်မသား လက်ခံ ထားရလေ့ ရှိတယ်။ တစ်ခါတစ်ခါများ ယုတိ္တ ကင်းမဲ့တဲ့ အဖြေ ကိန်းဂဏန်း တွေကို လက်ခံ လိုက်ရလို့ ရယ်တောင် ရယ်ရတယ်” သူမက သူ့စကားနှင့် သူတကယ်ပင် ရယ်သည်။ “ကျွန်တော်တော့ ခပ် ရေးရေးရယ်၊ ပြောပါမြ ကျေး” “မြကျေး အခုဆရာ့ကို မေးတဲ့ မေးခွန်းရဲ့အဖြေဟာကော လူအားလုံးက တညီတညွတ်တည်း သတ်မှတ်ထား တာ ရှိလို့လား” “အင်း မြကျေးပြောမှပဲ ကျွန်တော် အပ်ကျမပ်ကျ စဉ်းစားမိတော့တယ်။ လူအားလုံးက အဖြေတစ်ခု တည်းမှာတော့ မဆုံစည်း လောက်ဘူး” ကျွန်တော့် စကားအဆုံးမှာ ဟာသပြက်လုံး တစ်ခုကို ကြားလိုက်ရသည့်နှယ် သူမ ဟက်ဟက်ပက်ပက် ရယ်ပြန်၏။ ကျွန်တော်လည်း သူမနှင့် အတူ တသောသော ရောယောင် ရယ်မောမိလေသည်။ “ဟင်း ဟင်း အဲဒါပဲ ဆရာ၊ ငွေလိုတဲ့ လူက ငွေရှိ တဲ့လူကို၊ ရာထူးမဲ့တဲ့ သူက ရာထူးရှိသူကို၊ ရုပ်ဆိုးတဲ့ လူက ရုပ်ချောတဲ့ လူကို အောင်မြင် ပျော်ရွှင်စရာ ဘ၀ပိုင်ရှင် လို့ထင်ပြီး အားကျရူးသွပ် နေကြတာ၊ တကယ်က တိကျတဲ့ အဖြေ မဟုတ်ဘူး၊ ဖြစ်နိုင်ခြေကိုပဲ လက်ခံထားကြ တာ မဟုတ်လား” ကားပေါ်မှာ နှစ်ယောက်သား တိတ်ဆိတ် သွားကြပြန်သည်။ “ဆရာ၊ မြကျေး ဘ၀ကို ဘယ်လိုမြင်လဲ” “ဗျာ-” သည်တစ်ခါတော့ ကျွန်တော့်အသံကလိုသည်ထက် ကျယ်လောင်သွားဟန်တူ၏။ တစ်ယောက်မျက်နှာကို တစ်ယောက် ဖျတ်ခနဲ ကြည့်မိ သွားကြသည်။ သူမက မသက်မသာ အပြုံးတစ်ခုနှင့် အတူ သက်ပြင်းရှည် တစ်ခု မှုတ်ထုတ်လိုက်သည်။ “မနက်က ဆိုင်မှာေ တွ့ခဲ့တဲ့ ကိုဇော်မြင့်ဆိုတာ အဖေ့ ရဲ့ အတွင်းရေးမှူးပေါ့။ ကျောက်တွင်း လုပ်ငန်းနဲ့ ကျောက်မျက်ရောင်းဝယ်ရေး တွေမှာ သိပ်အားကိုးရတဲ့ သူ ပါ။ အဖေ အလေးထား ပြောပြောနေတဲ့ အားကိုးအားထား ပြုလောက်စရာ အရည်အချင်း ရှိသူပေါ့။ ဒါပေမဲ့ မြကျေးက သူ့လို သက်မဲ့ပစ္စည်း တွေအပေါ် စီမံခန့်ခွဲရတာကို သိပ်ပျင်းတယ်။ အဲဒီလူတွေ ကိုလည်း ရိုဘော့တွေလို့ မြင်တယ်။ မြကျေးက အတွေး အမြင်တွေရှင်သန်ဖို့ စူးစူးရှ ရှနဲ့ စိတ်ကွန့်မြူးရတဲ့ အနုပညာ ဖန်တီးမှုတွေကို အားကျတယ် ဆရာ။ အဆုံးမရှိ သိမ်မွေ့ လှပတဲ့ ခံစားမှုတွေကို အနုပညာကပဲ တတ်စွမ်းနိုင် တယ်လို့ ထင်တယ်” ကျွန်တော်လည်း ရှေ့တူ ရူရှိ အဝေးဆုံး တစ်နေရာသို့သာ ကြည့်လျက်ငြိမ်ဆိတ်စွာ လိုက်ပါလာခဲ့သည်။ သူမ လည်း စကားပြော ရ၍ မော သွားတာလား၊ အတွေးရေ လျဉ်မှာ လွင့်မျောနေသည် လားမသိ တိတ်ဆိတ် နေချေ၏။ “မြကျေးလည်း အောင်မြင် ပျော်ရွှင်တဲ့ဘ၀မျိုး ပိုင်ဆိုင်ချင်တာဟာ အတ္တမဟုတ် ဘူးလို့ ထင်တယ်ဆရာ။ ရသင့် ရထိုက်တဲ့ ကိုယ်ပိုင် အခွင့်အရေးပဲမဟုတ်လား။ ဒီ အတွက် မြကျေးမှာရုပ်ဝတ္ထု ကိန်းဂဏန်းတွေနဲ့ ကစားဖို့ မလိုတော့ဘူးလေ။ လူတိုင်း အောင်မြင်ပျော်ရွှင်တဲ့ဘ၀ကို မျှော်ကိုး ဆောင်ရွက်ခွင့်ရှိသလို မြကျေးလည်း သာမန်လူ သားတစ်ယောက်အနေနဲ့ ကိုယ့်စိတ်ကြိုက် ရွေးချယ်ချင်တယ်။ ဆရာ့ရဲ့ အသစ် အသစ်သော အနုပညာဖန် ဆင်းမှုတွေကြားမှာများ မွေ့ပျော်ခွင့် ရခဲ့ရင်-” သူမက ကျွန်တော့်ကို အပြောကောင်းသူဟု ဆိုလေ့ ရှိသည်။ ကျွန်တော်ကမူ အကောင်းကိုသာ ပြောခြင်း ဖြစ်သည်ဟု ချေပခဲ့သည်။ မည်သို့ပင် ဖြစ်စေသည် အချိန်ဆိုလျှင် ဦးလေးထံတွင် ထားခဲ့သော စာကို သူမ ဖတ် နေလောက်ပြီဟု ကျွန်တော် အတပ်သိနေ၏။ သည်ကနေ့ ကျွန်တော်နှင့် သူမတို့ ခံစားမှုကိုယ်စီကို ပွင့်လင်းစွာ ဆွေးနွေးဖို့ချိန်း ဆိုထားခဲ့သည် မဟုတ်ပါလား။ သို့ မြကျေး ဒီစာကိုမြကျေး ဖတ်နေချိန်မှာ ကျွန်တော် ကိုယ့်မြို့ကို ပြန်တဲ့ ကားပေါ်မှာ ခရီး နှင်နေတုန်းပဲ ရှိဦးမယ်။ မြကျေးနဲ့ အနီးဆုံးကနေ ဝေးတဲ့ နေရာကို အခုလို ခပ်စိမ်းစိမ်း ထွက်ခွာခဲ့တာကိုက မြကျေးအတွက် အနု ပညာတစ်ခု ဖန်တီးပြီး အောင်မြင်ပျော်ရွှင်တဲ့ ဘ၀ဖြစ်အောင် ကျွန်တော် ပေးဆပ်လိုက်တာပါ။ မြကျေး ပြောပြဖူးတယ် နော်။ အခြားကျောက်မျက်တွေဟာ အရောင်အမျိုးမျိုး ရှိကြတယ်။ စိန်ကတော့ ထူးထူးခြားခြား အဖြူရောင် တစ်ခုတည်းကိုပဲ ပိုင်ဆိုင်ထား တယ်လို့လေ။ စိန်ဟာ အဲဒီ အဖြူရောင်ကြောင့်ပဲ အခြား ကျောက်မျက်တွေထက် တန်ဖိုး ထူးကဲမြင့်မားတယ်လို့။ တကယ်တော့ မြကျေးရေ၊ အဖြူသက်သက် အရောင် ဆိုတာ ရောင်စဉ် ခုနစ်မျိုး ပါဝင် ဖွဲ့စည်းတယ်လို့ သိပ္ပံပညာ ရှင်ကြီး နျူတန်က သက်သေ ပြနိုင်ခဲ့တယ် မဟုတ်လား။ ကျွန်တော့် ၀တ္ထုတွေ ဆိုတာကလည်း စိတ်အရောင်အမျိုးမျိုး ကို ဖွဲ့စည်းပြီး မှန်ကန်ခြင်း သစ္စာတရားဆိုတဲ့ အဖြူရောင် တစ်ခုတည်းကိုပဲ ရရှိအောင် ထုတ်လုပ် ထားရတာပါ။ မြကျေးက ကျွန်တော့်ကို အထင်ကြီး လေးစားလာ ခဲ့တာကလည်း မြကျေးကိုယ် တိုင်ဝတ္ထုထဲက အဖြူရောင် သစ္စာတွေကို တွေ့ရှိခဲ့လို့ပါပဲ။ အဲဒီလိုမျိုး စာပေ အနုပညာဖန်တီးတဲ့ ကျွန်တော့် နှလုံးသားမှာ မြကျေးက အရောင်ခြယ်မှုန်းခဲ့ပေမယ့် ကျွန်တော့်ဘက်က အခုလို အဖြူသက်သက်ပဲ ထင်ဟပ် ပြလိုက်တာဟာ မြကျေး အထင်ကြီးခဲ့တဲ့ အဖြူရောင် ကို အညှိုးအမှိန် မခံနိုင်လို့ပါ။ ကျွန်တော့်မှာ သာမန် အခြေအနေထဲက မိန်းကလေး တစ်ယောက်နဲ့ ရည်ရွယ်ထား ဖို့ရှိပါတယ်။ အဲဒီမိန်းကလေး နဲ့ အစစအရာရာပြည့်စုံတဲ့ မြ ကျေးကို အလဲအလှယ်လုပ် ရင်ကောင်းမလားလို့ စဉ်းစား ပြီး ကျွန်တော် ခက်ခဲမွန်း ကျပ်ခဲ့တာ အမှန်ပါ။ ဒါပေမဲ့ စာရေးဆရာဟာ စာကိုတော့ အကောင်းပဲ ရေးနေပြီး ကိုယ်တိုင်က ဖောက်ပြန်နေလို့ မဖြစ်ဘူး ဆိုတဲ့ အဖြေကိုပဲ ရခဲ့တယ်။ မြကျေးအပေါ်မှာ ကျွန်တော် ဖောက်ပြန်မိခဲ့ရင် ကျွန်တော် ဖန်တီးတဲ့ စာပေအနုပညာ ဟာလည်း ရိုးသားတော့မှာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အနု ပညာဖန်တီးမှုပါရမီကို ကိုယ် ရိုက်ချိုးခဲ့ရင် ရှင်လျက်နဲ့ သေ နေတော့မှာ။ အဲဒါ ကျွန်တော့် နှလုံးသားထဲက စိန်နဲ့တူတဲ့ စာပေသစ္စာကို ထိန်းသိမ်း လိုက်တာပဲ မြကျေး။ အဲဒီ သစ္စာဟာ ကျွန်တော်နဲ့ မြကျေး အပါ အ၀င် စာဖတ်သူတွေရော ကမ္ဘာသူ ကမ္ဘာသားအားလုံး အောင်မြင် ပျော်ရွှင်စေမယ့် တစ်ခုတည်းသော အမြုတေ ရတနာဖြစ်တယ်။ မြကျေးက ထက်မြက်တဲ့ မိန်းကလေးပါ။ ပြည့်စုံပြီးသား ရုပ်ဝတ္ထု ပစ္စည်းတွေပေါ် မှာ သစ္စာတရား ထပ်လောင်းလို့ ကိုဇော်မြင့်နဲ့ အတူ အောင်မြင်ပျော်ရွှင်တဲ့ ဘ၀ကို ဖန်တီးနိုင်ဖို့ သေချာပါတယ်။ မြကျေး အကြိုက်ဝတ္ထု တစ်ပုဒ် မရေးဖြစ်ခဲ့ပေမယ့် မြကျေး ဘ၀ကို လမ်းမှန်ပြပြီး အရောင်တင် ပေးနိုင်တဲ့ အဖြူ ရောင် သစ္စာဝတ္ထုတစ်ပုဒ်ရေး ဖြစ်လိုက်တယ်လို့ ယူဆကြ ရင်း တစိမ့်စိမ့် ကျေနပ်ပျော် ရွှင်ကြစို့ရဲ့။ မြကျေးရဲ့ကျွန်တော် အားလုံးသောချစ်ခြင်း အပြစ်ကင်းကြပါစေ။ ![]() လှမြင့်အောင်၊တောင်ကုတ်၊ (ရွှေအမြုတေ မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၁) http://www.shweamyutay.com မှ ကူးယူတင်ပြအပ်ပါသည် ။ |
Saturday, 8 October 2011
ထိုနေ့က နွေနေ့လယ်ခင်းတစ်ခုဖြစ်ပြီး ထိုညက သူအိပ်မက်တစ်ခု မက်သည်
ထိုနေ့က နွေနေ့လယ်ခင်းတစ်ခုဖြစ်ခဲ့သည်။ သူသည် ၀ရံတာအမြင့်ထက်မှနေ၍ အရာအားလုံးကို အထက်စီးမိုးကြည့်နေခြင်းလည်းဖြစ်သည်။ အိုဟောင်းနေသော တိုက်တစ်လုံး၏လှေကားရင်းတွင် လူငယ်တစ်ယောက် ဂစ်တာတစ်လက်ကို ထိတွေ့ဆော့ကစားနေသည်ကို သူမြင်နေရသည်။ ကောင်းကင်တွင် ရှိသည်ဆိုရုံမျှ တိမ်တို့က အမျှင်တန်းလျက်။ ဆံပင်ရှည်ရှည်၊ ဂျင်းဘောင်းဘီနှင့် လူငယ်သည် ဂစ်တာကို ဖွဲ့စည်းထားသော သီချင်းအပိုင်းအစတစ်ခုကို တီးခတ်နေခြင်းမဟုတ်ပါ။ ကြိုးများကို ရည်ရွယ်ရာမရှိ ထိခတ်နေခြင်းဖြစ်သည်။ ထွက်ပေါ်လာသော အသံ၊ လူငယ်၏ ဂျင်းဘောင်းဘီနှင့် ကောင်းကင်တို့သည် အရောင်တစ်ဆင်တည်း ပျင်းရိပျင်းတွဲ။ သူမှုတ်ထုတ်လိုက်သော မီးခိုးငွေ့များသည်ပင် ထိုင်းမှိုင်းနေသည်။
ဝရံတာလက်တန်းပေါ် လက်နှစ်ဖက်မှောက်ထပ် ထိုလက်ပေါ်မှာမှ သူ့ခေါင်းကိုတင်လိုက်ရင်း ငေးနေမိသည်။ လမ်းမတစ်လျောက် လူသွားလူလာကင်းပြတ်လွန်းလှပါလား။ အကြည့်ကို ဖမ်းထားနိုင်သော ပန်းလေးတစ်ပွင့်တစ်လေမှ ထိုနေ့ကလမ်းပေါ်ထွက်မလာချေ။ စွယ်တော်ရွက်ခြောက်တစ်ရွက်ကို လေကလမ်းပေါ် ဒရွတ်တိုက်ဆွဲခေါ်သွားသည်ကို မြင်နေရသည်။ လမ်းထိပ်မှ ဆိုက်ကားဆရာလင်မယား ဆိုက်ကားပေါ်အိုးခွက်တွေတင်ကာ နင်းလာသည်ကို မြင်နေရသည်။ ထိုဆိုက်ကားဆရာလင်မယားကို သူသိပါသည်။ မိန်းမဖြစ်သူက ဘာပြောလိုက်သည်မသိ ဆိုက်ကားဆရာက ရီနေသည်။ သူထိုလင်မယားကို ငေးကြည့်နေရင်း သူ့မှာရည်းစားသုံးယောက်ရှိခဲ့ကြောင်း သတိရမိသည်။ ဆိုက်ကားဆရာ၏ မိန်းမသည် ပိုက်ဆံမရလျှင် ဆိုက်ကားဂိတ်ထိတိုင် လာ၍သူ့ယောက်ျားကို ဆူပူဆဲဆိုလေ့ရှိသည်။ ဆိုက်ကားဆရာ အရက်မူးလာသောအခါများနှင့် ကြုံနေလျှင် ပြန်အော်ဟစ်ဆဲဆိုရင်း တခါတရံလက်ပါပါလာလေ့ရှိသည်။
မိန်းမတစ်ယောက်ကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်းကို သူမနှစ်သက်ပါ။ စကားလုံးရိုင်းရိုင်းများနှင့် နစ်နစ်နာနာပြောခြင်းကိုလည်း သူဘယ်သောအခါမျှ မပြောဆိုဖူးပါ။ ဆိုက်ကားဆရာလင်မယား၏ ရီသံက နွေလေထုထဲမှ ရုန်းကြွလျက်။
သူ့ရည်းစားသုံးယောက်စလုံးသည် ပညာတတ်များဖြစ်ကြသည်။ လှလည်းလှသည်။ သိမ်သိမ်မွေ့မွေ့လည်း ရှိသည်။ ဘာကြောင့်များ ဝေးကွာသွားပါလိမ့် တစ်ယောက်နဲ့မှ မနီးစပ်ခဲ့ပါလိမ့်လို့ သူတွေးနေမိသည်။ သူကျောင်းတက်တုန်းက ကျောင်းဂိတ်ပေါက်ကို စောင့်သောဂိတ်စောင့်အဘိုးကြီးနှင့် ခင်မင်ခဲ့သည်။ ထိုအဘိုးကြီး၏ မိန်းမနှင့်လည်း ခင်မင်သည်။ အဘိုးကြီးကို နေ့ခင်းပိုင်းတိုင်း မိန်းမက ထမင်းချိုင့်လာပို့လေ့ရှိသည်။ သူတို့မှာ သားသမီးများလည်းရှိသည်။ အဘိုးကြီး၏ မျက်လုံးများသည် ထာ၀၀စဉ်ပြုံးရီနေလေ့ရှိသည်။ တခါတခါ ကျွန်တော်နှင့်အရက်ဆိုင်လေးတွင်ဆုံလျှင် သူနှင့်လက်ထပ်ဖူးသော မိန်းမများအကြောင်းကို ပြောပြလေ့ရှိသည်။ ထမင်းချိုင့်လာပို့သော မိန်းမသည် သူ၏စတုတ္ထမြောက်မိန်းမဖြစ်သည်။ ထိုအဘိုးကြီး၏ လစာသည် ကျွန်တော့်တစ်ပတ်စာ မုန့်ဖိုးမျှသာ။ သူဘယ်လိုရှင်သန်နေထိုင်ပါလိမ့် ကျွန်တ်ာတွေးမရပါ။ ယခုထို အဘိုးကြီးကွယ်လွန်သွားခဲ့ပြီ။
မိန်းမများသည် သစ်တောနှင့်တူသည်ဟု သူငယ်ချင်းတစ်ယောက်က ပြောဖူးသည်။ အပြင်ခပ်ဝေးဝေးမှကြည့်လျှင် ငြိမ်းချမ်းစေပြီး သစ်တောထဲဝင်သွားပါက အရှုပ်အထွေးမျှသာတဲ့။ ကျွန်တ်ာပြုံးမိပြီး ယောက်ျားများကကောဟု မေးရာ သစ်ခုတ်သမားတွေဟု ပြန်ဖြေသည်။ ချစ်ရုံချစ်တတ်သူတွေက သစ်တောဝန်ထမ်းများ၊ လက်ထပ်ရုံလက်ထပ်သူတွေက ထင်းခုတ်သူတွေဖြစ်ပြီး သစ်ခိုးထုတ်သူတွေက သိုက်တူးသူနှင့်တူကြောင်း သူရှင်းပြသည်။ သူထိုနေ့က တော်တော်မူးနေ၍ အလုံးစုံကိုမမှတ်မိပါ။ ထိုသူငယ်ချင်းကပင် ထပ်၍ သစ်တောများမရှိဘဲ ကမ္ဘာကြီးအသက်ဆက်မရှင်နိုင်ကြောင်း ထပ်ပြောပါသည်။
သူတွေးနေစဉ်မှာပင် ဂစ်တာသံကထွက်လာလေသည်။ ယခုတခါတော့ တေးသီချင်းတစ်ပုဒ်ကို ကျကျနနတီးနေခြင်းဖြစ်သည်။ ထိုတိုက်ထောင့်ဆီသို့ လှမ်းကြည့်မိသောအခါ ဆံပင်ရှည်ရှည်လူငယ်လေးဘေးနား ဆံပင်တိုတိုကောင်မလေးတစ်ယောက် ရှိနေပြီ။ သူမက ခြေထောက်လေးလှုပ်ရင်း စည်းချက်လိုက်နေသည်။ ဆိုက်ကားဆရာ လင်မယားကတော့ မြင်ကွင်းကပျောက်သွားသည်အထိ ရီလို့မဆုံးတော့။ ကျနေရောင်တွင် အရာရာသည်ရွှေရောင်ဝင်းလျက်။
တိုက်ခေါင်မိုးကြားတွင် အပူရိပ်ခိုနေသော ခိုများလည်း ထွက်လာကြသည်။ စကပ်တိုတိုနှင့် ကောင်မလေးများလည်း လမ်းပေါ်ထွက်လာကြပြီ။ သူ နောက်ဆုံးလက်ကျန်စီးကရက်ကို ထိုးခြေရင်း အိမ်ထဲပြန်ဝင်လာခဲ့သည်။
ထိုညက သူအိပ်မက်မက်ခဲ့သည်။ အိပ်မက်ထဲတွင် သူ သစ်တောထဲအိပ်နေပြီး သစ်ပင်တိုင်းတွင် ဆိုင်းဘုတ်များချိတ်ထားသည်ကို တွေ့ရသည်။ ဆိုင်းဘုတ်တွင်ကား " သစ်တစ်ပင်ခုတ် ထောင်သုံးနှစ်" ဟု ရေးထိုးထားလေသည်။
http://revolution-littlebrook.blogspot.com မှ ကူးယူတင်ပြထားခြင်းဖြစ်ပါသည် ။

Friday, 7 October 2011
ပျောက်ဆုံးသွားတဲ့ အရိပ်
သူက ကျွန်တော့်အရိပ်ဖြစ်တယ်။ ကျွန်တော်ဘယ်သွားခဲ့တယ်၊ ဘယ်ရောက်ခဲ့တယ်ဆိုတာကို သူအမြဲ သိချင်နေတယ်။ သူ့အမေးအမြန်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော် မကြာခဏ စိတ်ညစ်ရပေမယ့် သူကပျော်နေပုံရတယ်။ ဒါပေမယ့် အဲဒီအရိပ်က မိုးသည်းည တစ်ညမှာ လုံးဝပျောက်ကွယ်သွားခဲ့ရတယ်.....
မင်္ဂလာဆောင်တဲ့နေ့က လက်စွပ်ဝယ်မယ့်ပိုက်ဆံနဲ့ ကျွန်တော့်ကို ဟမ်းဖုန်းတစ်လုံး သူဝယ်ပေးခဲ့တယ်။ အဲဒီညမှာ နှစ်ယောက်သား စောင်ထဲကွေးရင်း ဖုန်းသံစဉ်မျိုးစုံကို ကျွန်တော်တို့ စမ်းခဲ့ကြတယ်။ ဘဝဟာလည်း ဖုန်းသံတွေလိုပဲ မြူးကြွပြီး နားဝင်ချိုမယ်၊ ပျော်စရာတွေနဲ့ ပြည့်နေမယ်လို့ ကျွန်တော်တို့ မျှော်လင့်ခဲ့ကြတယ်။
အဲဒီနေ့ကစပြီး သူ့ဖုန်းကို ကျွန်တော် မကြာခဏ လက်ခံရရှိခဲ့တယ်။
“မောင်... ရုံးဆင်းရင် ဈေးဝယ်ခဲ့နော်”
“မောင်... မောင့်ကို သတိရနေတယ်”
“မောင်... အမေတို့အိမ်မှာ ညနေစာ အတူသွားစားကြမယ်နော်”
သူ့အသံ၊ သူ့ရဲ့ ဂရုစိုက်မှုတွေကြောင့် ကျွန်တော့်ရင်တွေ နွေးထွေးခဲ့ရတယ်။
တစ်ခါက ဖုံးကို ဓာတ်အားသွင်းဖို့ ကျွန်တော်မေ့သွားခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့ကခါတိုင်း ပြန်နေကျအချိန်ထက် နောက်ကျပြီးမှ ကျွန်တော်အိမ်ပြန်ရောက်ခဲ့တယ်။ အိမ်တံခါးဖွင့်လိုက်တာနဲ့ ဖုယောင်ပြီး မျက်ရည်တွေ ပြည့်နေတဲ့ မျက်လုံးတစ်စုံကို ကျွန်တော်တွေ့လိုက်တယ်။
ရုံးဆင်းချိန်ကတည်းက ကျွန်တော့်ဆီ သူ ဖုန်းမပြတ်ဆက်ခဲ့တယ်လို့ သိရတယ်။ ဖုန်းကလည်း ဆက်လို့မရ ကျွန်တော်များ မတော်တဆတစ်ခုခု ဖြစ်နေမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ကျွန်တော့်ဆီ ၁ဝမိနစ်တစ်ခါ သူကြိုးစားပြီး ဖုန်းတွေဆက်ခဲ့တာ ကျွန်တော် အိမ်တံခါးတွန်းဖွင့် ဝင်သွားချိန်အထိပါပဲ။
ကိစ္စအသေးအမွှားကို ရေးကြီးခွင်ကျယ်လုပ်တဲ့ သူ့အပြုအမူကို ကျွန်တော်ဂရုမစိုက်ခဲ့ဘူး။
“မောင်က ကလေးမှ မဟုတ်တာ ဘာများဖြစ်နိုင်မှာမို့လဲ?”
“မောင် ဖုန်းမကိုင်ရင် မောင်မပြန်လာတော့ဘူးလို့ပဲ ထင်နေခဲ့တယ်”
“ဟား... ဟား... ငတုံးလေး” သူ့ခေါင်းကို ခပ်ဖွဖွပုတ်ရင်း ကျွန်တော်ရယ်လိုက်မိတယ်။ ဒါပေမယ့် အဲဒီနောက်ပိုင်း ဖုန်းကို ဓာတ်အားသွင်းဖို့ ကျွန်တော် ဘယ်တော့မှ မမေ့ခဲ့ဘူး။
အဲဒီနောက် အလုပ်က ကျွန်တော် ရာထူးတိုးခဲ့တယ်။ ငွေပိုငွေလျံတွေ ရှိခဲ့တယ်။ ဖုန်းအသစ်တွေ တစ်လုံးပြီးတစ်လုံး ကျွန်တော်ပြောင်းသုံးနိုင်ခဲ့တယ်။ တစ်နေ့မှာ သူ့ကိုပေးဖို့ လက်စွပ်တစ်ကွင်းလိုသေးကြောင်း ကျွန်တော် သတိရလိုက်မိတယ်။ သူ့ကိုခေါ်ပြီး လက်စွပ်ဝယ်ဖို့ သွားတော့ “စိန်လက်စွပ်ကို လက်မှာ စွပ်ထားတော့ ဘာအသုံးဝင်မှာမို့လဲ.. မောင်နဲ့အမြဲ အဆက်အသွယ် ရနေအောင် ဖုန်းတစ်လုံးဝယ်ပေးရင် ရပြီ မောင်” လို့ သူက တောင်းဆိုတယ်။ အဲဒီညနေက တစ်ယောက်က ဧည့်ခန်းမှာ ကျန်တစ်ယောက်က အိပ်ခန်းထဲနေပြီး အပြန်အလှန် မက်ဆေ့တွေပို့ပြီး ကျွန်တော်တို့ ပျော်နေခဲ့ကြတယ်။
အပျော်တွေရဲ့ နောက်မှာ အဆိုးတွေ ကပ်လိုက်လာတတ်မှန်း ကျွန်တော်မသိခဲ့ဘူး။ တစ်ညနေက သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်မှာ မတွေ့တာကြာပြီးဖြစ်တဲ့ သူငယ်ချင်းတွေနဲ့ ကျွန်တော်တို့ ဖဲအတူရိုက်ခဲ့ကြတယ်။ အရှိန်ကောင်းနေတုန်းမှာ ရုတ်တရက် ကျွန်တော်ဖုန်းက ထမြည်တယ်။
“ မောင် အခုဘယ်မှာလဲ? မပြန်ခဲ့သေးဘူးလား?”
“သူငယ်ချင်းအိမ်မှာ ဖဲရိုက်နေကြတယ်”
“ဘယ်တော့ ပြန်လာမလဲ?”
“ခဏလောက်ဆို ပြန်ခဲ့မယ်”
ဖဲက နိုင်လိုက် ရှုံးလိုက်၊ ရှုံးလိုက် နိုင်လိုက် .... သူ့ရဲ့ဖုန်းလည်း ဆက်လိုက် ချလိုက်၊ ချလိုက် ဆက်လိုက်.... အပြင်မှာ မိုးတွေရွာစပြုလာပြီ။ ဖုန်းက ထပ်မြည်လာပြန်တယ်။
“မောင်... ဘာလုပ်နေတာလဲ? ပြန်ခဲ့တော့လေ မိုးတွေရွာနေပြီ.. မြန်မြန်ပြန်ခဲ့တော့”
“သူငယ်ချင်း အိမ်မှာ ဖဲရိုက်နေပါတယ်လို့ဆို.. မိုးတွေ ဒီလောက်ရွာနေတာ ဘယ်လိုပြန်ခဲ့ရမလဲ?”
“ဒါဆို မောင် ဘယ်မှာလဲ? ခုလာကြိုမယ်”
“မလာခဲ့နဲ့.. ရတယ်”
အတူဖဲရိုက်တဲ့ သူငယ်ချင်းတွေက ကျွန်တော့်ကို မယားကြောက်လို့ နောက်ပြောင်ကြတယ်။ စိတ်တိုတိုနဲ့ ဖုန်းကို ကျွန်တော် ပိတ်ပစ်လိုက်တယ်။ အဲဒီညက ဖဲရိုက်ရင်း ကျွန်တော်တို့ မိုးလင်းသွားခဲ့တယ်။ သူငယ်ချင်းတစ်ယောက် ကျွန်တော်ကို ကားနဲ့လိုက်ပို့ခဲ့တယ်။ အိမ်ရောက်တော့ သော့တန်းလန်းက ဆီးကြိုနေတယ်။ သော့ဖွင့်ပြီး အိမ်ထဲမှာ သူ့ကို ကျွန်တော်လိုက်ရှာကြည့်တယ်။ သူ .. ဘယ်သွားပါလိမ့်?
အဲဒီအချိန်မှာ ရုတ်တရက် အိမ်ဖုန်းမြည်လာခဲ့တယ်။ ဖုန်းတစ်ဖက်မှာ ငိုသံတွေရောနေတဲ့ ယောက္ခမအသံကို ကျွန်တော်ကြားလိုက်ရတယ်။
“မိုးသည်းထဲမှာ သားကို သွားကြိုမယ်ဆိုပြီး ဆိုင်ကယ်စီးထွက်သွားခဲ့တယ်။ သားသူငယ်ချင်းအိမ်တွေ တစ်အိမ်တက်ဆင်း လိုက်ရှာရင်း မတော်တဆ ယာဉ်တိုက်မှုဖြစ်ခဲ့တာ ခုထိ နိုးမလာသေးဘူး”
ပိတ်ထားမိတဲ့ ကျွန်တော်ဖုန်းကို ဖွင့်လိုက်တော့ မက်ဆေ့တစ်စောင်ကိုတွေ့လိုက်တယ်။
“မောင်... မေ့နေတာလား? ဒီနေ့ ခင်တို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေ။ မောင့်ကို ခင်လာကြိုပြီနော်။ စောင့်နေပါ”
ကျွန်တော့်ကို လိုက်ရှာခဲ့တဲ့လမ်းမပေါ်မှာ သူထာဝရ ပျောက်သွားခဲ့ရတယ်။ မျက်ရည်တွေ ရွှဲနင့်နေတဲ့ မျက်လုံးနဲ့ အဲဒီမက်ဆေ့တိုလေးကို ကျွန်တော် အထပ်ထပ်ဖတ်နေမိတယ်။ အဲဒီညက ကမ္ဘာကြီးတစ်ခုလုံးကို ကျွန်တော်ဆုံးရှုံးလိုက်မှန်း နောက်ကျမှ ကျွန်တော်သိခဲ့ရတယ်။
သူဆုံးတာ ၃ လရှိခဲ့ပါပြီ။ ဒါပေမယ့် ခုချိန်ထိ မစားနိုင်၊ မသောက်နိုင်နဲ့ အိပ်မက်ဆိုးကနေ ကျွန်တော် နိုးမထနိုင်ခဲ့သေးပါဘူး။
ကိုယ့်ကိုချစ်တဲ့လူကို ဒဏ်ရာအနာတွေနဲ့ မနာကျင်ပါစေနဲ့။
ဆုံးရှုံးသွားမှ တမ်းတမနေပါနဲ့။ နာကျင် ခံစားမနေပါနဲ့။
ဘဝတစ်ခုက အကန့်အသတ်ရှိပါတယ်။
ကိုယ်နဲ့အတူ ရှိနေတဲ့ လက်ရှိအချိန်ကို တန်ဖိုးထား မြတ်နိုးလိုက်ပါ။
မူရင်း -- http://www.uswen.cn/Html/?3836.html
by Nine Nine Sanay @ နိုင်းနိုင်းစနေ on Monday, 03 October 2011 at 01:01
နိုင်းနိုင်းစနေ (Monday, November 24, 2008)

Subscribe to:
Posts (Atom)

“မောင်ခိုင်ပွင့်ရေ ဒီမှာ မင်းဧည့်သည်ဟေ့”