“မောင်ခိုင်ပွင့်ရေ ဒီမှာ မင်းဧည့်သည်ဟေ့” အိမ်ရှေ့မှ လှမ်းအော်လိုက်သော ဦးလေး၏ အသံကြောင့် စာရေးနေသော လက်များ ဆွံ့အကုန်သည်။ ရန်ကုန်ကို ရောက်သည်ကမှ သုံးရက်ပဲ ရှိသေးသည်။ ဟန်းဖုန်းကိုပါ ပိတ်ပြီး သူငယ်ချင်းများကို အဆက် ဖြတ်ထားသည့် ကြားထဲ စောစောစီးစီး မည်သို့သော ဧည့်သည်မျိုး ရောက်လာသည်မသိ။ ရေးလက်စ ၀ထ္ထုကို ရောက်သည့် နေရာမှာ ခဏ ရပ်ထားပြီး အခန်းထဲမှ ထွက်လာခဲ့၏။ အိမ်ရှေ့ဧည့်ခန်းသို့ ရောက်သောအခါ အိမ်သား ကလေးငယ်က လွဲ၍ မိမိ အသိအကျွမ်း တစ်စုံတစ်ယောက်ကိုမျှ မတွေ့ရသဖြင့် ကြောင်စီစီ ဖြစ်နေသည်။ ဧည့်သည်က ဘယ်မှာပါလိမ့်။ ခြံတန်းပေါ်နွယ် တက်နေသည့် ပန်းပင်များကို ရေဖျန်းနေသော ဦးလေးထံ လှမ်းမေးမည် ပြုလိုက်တော့မှ ရှေ့ဝရန်တာ ဆက်တီတစ်နေရာတွင် ခပ်ယို့ယို့ ထိုင်နေသော ပုံရိပ်တစ်ခုကို သတိထားမိပြီး စူးစိုက်ကြည့်မိသည်။ သြ-မိန်းကလေး တစ်ယောက်ပေပဲ။ ကျွန်တော် သူမထံ အကြည့်တစ်ချက် ရောက်သွားသည့် အချိန် သူမကလည်း ပါးနပ်စွာနှင့် ရုတ်တရက် မတ်တတ်ထရပ်သည်။ တစ်စုံတစ်ရာ မေးမည်ဟု ပါးစပ်ပြင်ရုံ ရှိသေးသည်။ သူမက ဖျတ်လတ်သွက်လက်စွာ ပြောလာ၏။ “ဆရာ၊ ကျွန်မ မြကျေးပါ” “ဟော်...” ကျွန်တော်၏ မပီမသ အာမေဍိတ်သံနှင့် အတူ သူမနှင့် ကျွန်တော်တို့ အပြုံးချင်း ယှက်သွယ် မိကြသည်။ မြကျေးဆိုတာ သူကလေးကိုး။ လစဉ်ထုတ် မဂ္ဂဇင်းများတွင် ခပ်စိပ်စိပ် ပါလေ့ရှိသည့် ကျွန်တော်၏ အချစ်ဝတ္ထုများ အပေါ် အရူးအမူး ဖြစ်မိသည်ဆိုသော မိန်းကလေး တစ်ယောက်အနေနဲ့ သာမက ကိုယ်တိုင် စာရေးရန် အားယူကာ ကျိတ်ပုန်းကလေး ကလောင် သွေးနေသည့် “နေကြည်ချမ်းမြ” ခေါ် မြကျေးကား ကျွန်တော့် ရှေ့မှောက်မှာ ရောက်နေခဲ့ပြီကော။ သူမ က ကျွန်တော့်ထံ အကြိမ်ကြိမ် ရေးပို့ခဲ့သော စာများကို အခုထိ တခုတ်တရ သိမ်းဆည်း ထားဆဲ။ တကယ်ဆိုလျှင် သူမထံမှ မိတ်ဆက်စာသာ မဟုတ်သေး။ သူမကိုယ်တိုင် လက်တည့်စမ်း ရေးထားသည့် ၀တ္ထုတို စာမူများကိုပါ လက်ခံ ရရှိဖူးသည်။ ကျွန်တော်လည်း စာမူများအား အကျေအလည် ဖတ်ပြီး သဘောထား မှတ်ချက်နှင့် တကွ ဝေဖန် အကြံပေး စာများကို ပြန်လည် ပေးပို့ခဲ့ရာ အဆိုပါ စာများလည်း သူမထံမှာ ရှိနေနှင့်ပြီ။ ဟော- ယခုကဲ့သို့ လူချင်း တေ့တေ့ဆိုင်ဆိုင် တွေ့ရသော အခါ အံ့သြမှုနှင့် အတူ ဖော်မပြတတ်သော စိတ်လှုပ်ရှားမှု ကလေး ဖြစ်ရသည်မှာ အမှန်။ ဧကရာဇ် မဂ္ဂဇင်း အုပ်တစ်ရာပြည့် အထူးထုတ် တုန်းက ကျွန်တော့် ၀တ္ထုနှင့် အတူ နေရပ်လိပ်စာကိုပါ ဖော်ပြခဲ့သဖြင့် ထိုလိပ်စာ အရပင် မြကျေးက ကျွန်တော့်ထံ မိတ် ဆက်စာ စရေးခဲ့သည်။ စစ်စစ်ပေါက်ပေါက် တွက်ရေသော် သုံးနှစ်သုံးမိုးမျှ ကြာပြီ။ သူမ၏ ကိုယ်တိုင်ရေး ၀တ္ထု တို ငါးပုဒ်လောက်ကိုလည်း ကျွန်တော် အကဲဖြတ် ပေးခဲ့ဖူး ပြီ။ ထိုအကြောင်းကြောင့်ပင် လျှင် ကျွန်တော်နှင့် သူမတို့ စာချင်း ဆက်သွယ်ကာ ရင်း နှီးခဲ့ရသည်။ ယခု ရန်ကုန်သို့ လာသည့် ခရီးစဉ်နှင့် တည်းခိုမည့် လိပ်စာတို့ကိုပါ ဖုန်းဖြင့် ပြောပြထားခဲ့ရာ ကျွန်တော့်ထံသို့ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ရှိလာခြင်း ဖြစ်သည်။ ရုတ်တရက် ကျွန်တော်က ငေးငေးငေါင်ငေါင်၊ သူမက ယို့ယို့ ရပ်လျက် အနည်းငယ် တိတ်ဆိတ်သွား၏။ တကယ်ဆိုလျှင် ယခုကဲ့သို့ အိမ်တိုင်ရာရောက် လာတွေ့လိမ့်မည်ဟု မမျှော်လင့်ရဲခဲ့ ချေ။ ခရီးအစတွင် အမှား မရှိအောင် ဆင်ခြင်ဖို့ သတိဝင် လာပြီး သူမကို အကဲခတ် ကြည့်နေမိသည်။ နေကြည်ချမ်းမြဟူ သော အမည်နှင့် လိုက်ဖက်လှ ချေတကား။ နံနက်ခင်းထွန်း သစ်စနေပမာနှယ် ကြည်လင် တက်ကြွ စိုပြည်သော အလှများက သူမ ခန္ဓာကိုယ်မှာ ကြွယ်ဝနေသည်။ ခေတ်မီမီ ၀တ်စား ပြင်ဆင်မှုကြောင့် ပိုမို ထင်ပေါ်နေသော်လည်း ပူလောင်ရှတမှုမျိုး မဟုတ်။ တည်တည်ငြိမ်ငြိမ်နှင့် နွေးထွေးရုံမျှ။ ဆံပင်၊ အသားအရေ၊ အရိုး၊ အရွယ်၊ အလှငါးပါး တို့ကား သူမထံပါးမှာ အဆင် ပြေစွာ ကပ်ငြိနေကြ၏။ အသားရောင်ဝါဖန့်ဖန့်၊ စိုပြည် သောမျက်ဝန်းအစုံ၊ တောင်နှာ မောင်းသဖွယ် ခပ်ပြေပြေ ကွေးသွားသော မျက်ခုံးက လည်း ဆွဲဆောင်မှု အားကောင်းသည်။ ဖူးဖူးစို့စို့ နှုတ် ခမ်းများက ညှို့အားတင်စ လေးကိုင်းသဖွယ် မို့မို့ငုံငုံ။ နဖူး၊ ပါးတို့နှင့် အစပ်ညီစွာ ဆင်းသည့် နှာတံကလေးက လည်း ညီညွတ် ပြေပြစ်သည်။ ခါးအကျ၊ တင်ပါး၊ ပေါင်တံတို့မှာ စုတ်ချက် မိသော ပန်းချီကားထဲက နတ်မိမယ်သဖွယ်။ ဤမျှလှပသော ကောင် မလေးနှင့် ရင်းနှီးကျွမ်းဝင်ခွင့် ရသည့် ကျွန်တော့်ကိုယ် ကိုပင် မယုံချင်။ မည်သို့ဆိုစေ ရုပ်ချောချော သူမနှင့် ရင်းနှီး ရသည်ကိုကား ကျေနပ် နေမိသည်။ “ခွင့်လွှတ်ပါ မြကျေး၊ လူချင်း တစ်ခါမှ မမြင်ဖူးတော့ လေ၊ အင်း ဘယ်ကစ ပြောရ မှန်းတောင် မသိတော့ဘူး” ကျွန်တော်က တောင်းပန်ပြောကလေး ပြောလိုက် သောအခါ သူမ၏ မျက်လုံးများက အပြုံးစွက်ကာ ပိုမို တောက်ပလာ၏။ “ဟင်း ဟင်း ဆရာကလည်း၊ ဇာတ်ကောင်တွေ နေရာက အရမ်း အပြောကောင်း တဲ့ စာရေးဆရာတောင် ဘယ်က စပြောရမယ်မှန်း မသိရင် မြကျေးက ပိုဆိုးရောပေါ့ ဆရာရဲ့” သူမက ပီဘိကလေး ငယ်တစ်ဦးနှယ် အပြစ်ကင်းစွာ ရယ်မော ကြည်ရွှင်နေသည်။ ချိုလွင်သော သံစဉ် က ရင်ထဲသို့တိုင် တငြိမ့်ငြိမ့် စီးဝင် လာကုန်၏။ ကျွန်တော်က ဆက်တီခုံမှာ သူမနှင့် မျက်နှာချင်းဆိုင် ၀င်ထိုင် လိုက်သည်။ မွှေးထုံသော ကိုယ်သင်း ရနံ့က လေထဲမှာ လူးလွန့် တွင်ကျယ်နေလေ၏။ “ကျွန်တော်တို့ အပြင်ထွက် လမ်းလျှောက်ရင်း စကား ပြောကြရအောင်လား။ မြကျေးကိုလည်း လက်ဖက်ရည်နဲ့ ဧည့်ခံပါရစေ။ အိမ်သားတွေက ရွာက အလှူ တစ်ခုကို သွားကြလို့ ဦးလေးနဲ့ သူ့မြေးကလေးပဲ ကျန်ခဲ့တာကြောင့် ဘာမှ မပြည့်စုံဘူးလေ” သူမက ဘေးဘီဝဲယာ တစ်ချက်လှည့်ကြည့် အကဲခတ်ရင်း ခေါင်းညိတ်သည်။ ကျွန်တော်က ဦးဆောင်၍ နှစ်ယောက်သား လမ်းလျှောက် ခဲ့ကြသည်။ လမ်းသွားလမ်းလာ များက ကွက်ကြည့်ကွက် ကြည့်။ သူမ၏အလှကို ဥပေက္ခာ မပြုနိုင်ကြတာဘဲ ဖြစ်မည်။ “အခု ထုတ်မယ့် လုံးချင်းဝတ္ထု ရေးပြီးသွားပေမယ့် ဇာတ်သိမ်းပိုင်းကို စိတ်တိုင်း မကျသေးလို့ ပြန်ပြင် ရေးနေတာ မြကျေးရေ၊ စာပေ တိုက်ကလည်း လောနေပြီဆိုတော့ မြန်မြန် ရေးရမှာ၊ အင်း- မြန်မြန် ဆိုတာတောင် ရေးပြီးရင် ထုတ်ဝေသူနဲ့ ညှိနှိုင်းစရာလေးတွေ ရှိနေသေးလို့ တစ်လ နီးပါးလောက် ကြာဦးမယ် ထင်တာပဲ” “ဟယ်- ဒါဆို ပျော်စရာကြီးပေါ့၊ မြကျေးက ဆရာနဲ့ မကြာခဏ တွေ့ပြီး ဆွေးနွေး နိုင်တော့မယ်၊ ဘွာ ဘွာ ဆရာ အချိန် ပေးနိုင်တဲ့ အခါမျိုး ပြောတာနော်” သူမက လက်ခုပ်တီး မည်ကဲ့သို့ လက်ဝါး နှစ်ဖက်ကို ခပ်အုပ်အုပ် လုပ်လျက်က ကျွန်တော့်ကို ငဲ့စောင်း မော့ကြည့်သည်။ ကျွန်တော်က အားနာပါးနာ ခေါင်းညိတ်မည် အလုပ် ချက်ချင်းတောင်း ပန်လာပြန်သည်။ ရော်-တွက်တီးတွတ်တာ သာလိကာ မလေးပါလား။ လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှာ ၀င်ထိုင်ကြသည်။ “ကဲ- မြကျေး၊ ဘာ သောက်မလဲ ပြော” “မြကျေး မပြောတတ်ဘူး။ ဆရာမှာတာ သောက်တာပေါ့။ ကျောင်းပြီးသွား ကတည်းက လက်ဖက်ရည် ဆိုင် မထိုင်ဖြစ်တာလေ” စားပွဲထိုးကလေးက တိုင်းပြည်မှား ရောက်လာသော နတ်မိမယ်ကလေးကို နားမလည်နိုင်သည့် ပုံဖြင့် ကြည့်လျက် ထွက်ခွာ သွားလေသည်။ “ဆရာ အခုရေးနေတဲ့ လုံးချင်းဝတ္ထု နာမည်က ဘာလဲဟင်” “သူမက ရုပ်ချောချော ကျွန်တော်က အပြောကောင်းကောင်း” “ရှင်...” “အခုထုတ်မယ့် လုံးချင်းဝတ္ထု နာမည်လေ” “အား- အမိုက်စားပဲ၊ လန်းတယ်နော် ဆရာ” သူမက လှပစွာ ရယ်မောပျော်ရွှင် နေပြန်၏။ ချထားသော လက်ဖက်ရည်ခွက်ကိုမူ သူမ စိတ်ဝင်စားပုံ မပေါ်။ ကျွန်တော်က ပေါ့ဆိမ့် အရသာကို တရှိုက်မက်မက် ကျိုက်နေလိုက်သည်။ “ဆရာ၊ ဟိုတစ်ခါက ထုတ်တဲ့ ရှိုက်သံမဲ့သော မျက်ရည်များ ၀တ္ထုထဲကလို ဇာတ်သိမ်းမှာ မင်းသားနဲ့ မင်းသမီးကို ခွဲပစ်ဦးမှာလား၊ အဲဒီတုန်းကဆို မြကျေးလေ လွမ်းကျန်ခဲ့တာ၊ သိလား” သူမ၏ လွမ်းလွမ်းမောမော စကား အဆုံးတွင် ကျွန်တော် သူမထံ မျက်ခုံးပင့် ကြည့်လိုက်သည်။ “အင်း- ဒါကတော့ မြကျေးလည်း သိသားပဲ။ ဇာတ်ကောင် စရိုက်ကို လိုက်ပြီး သူတို့ကို ပုံဖော် ပေးရတာ။ စာရေးဆရာက ကိုယ့်စိတ် ကြိုက်ရေးချင်လွန်းလို့ ဇာတ်ကောင်စရိုက်တွေ ကမောက်ကမ ဖြစ်သွားရင် အနုပညာ တန်ဖိုး လျော့သွားတတ်တယ်။ ဇာတ်ကောင် စရိုက်ကို ကာလ၊ ဒေသ၊ ပယောဂတွေ သက် ရောက်တဲ့ ခေတ်အမြင်နဲ့ တွဲခေါ်ရတယ်။ အခု ပြောနေကြတဲ့ ခေတ်ပြိုင် ခံစားမှုပေါ့ လေ။ ပြောရရင် စာရေး ဆရာဟာ ကိုယ့်ဇာတ်ကောင်ကို ကိုယ်မပိုင်ဘူး” “ဆရာ့ ဆွေးနွေးချက်က မြင့်တောင်လာပြီ။ ဒါပေမဲ့ ဆရာရယ်၊ ကလောင်ဖျားမှာ ဇာတ်လမ်း ရှိနေနိုင် တာပဲ ဥစ္စာ” သူမက နှုတ်ခမ်း စူသ လိုလိုနှင့် မကျေမနပ် ပြောနေ ပုံကို ကျွန်တော် ရယ်ချင်လာမိ သည်။ ကျွန်တော် မနိုင်သော ဇာတ်ကောင်တစ်ယောက် ကျွန်တော့်ရှေ့မှောက်မှာ ရောက်ရှိလာပြီ ထင်၏။ “အေးလေ၊ ဒီအတိုင်းဆို ရင် ကျွန်တော် မြကျေး အကြိုက်ဝတ္ထု တစ်ပုဒ် ရေးဦး မှဖြစ်တော့မယ်” ကျွန်တော် အချော့တော်၍လား မဆိုနိုင်။ သူမ သဘောကျစွာ ကြည်နူးပြုံးပျော် နေလေသည်။ ထိုအချိန်တွင် သူမ၏ လက်ကိုင် သားရေအိတ်ထဲက ဖုန်းသံမြည်လာ၏။ သူမက ဖုန်းကိုထုတ်၍ စကားပြောသည်။ “အင်းပါ အင်းပါ၊ ခုပဲ သွားတော့မလို့၊ စိတ်ချပါ အမေရဲ့၊ ဟုတ် ဟုတ်” ဖုန်းပြောပြီးနောက် ကျွန်တော့်ဘက် စကားဦးပြန် လှည့်သည်။ “အဖေနဲ့ အမေ ခရီး ထွက်သွားလို့ ဆိုင်ကို မြကျေးပဲ တာဝန် ယူထားရတယ် ဆရာရယ်။ အခု သူတို့ မန္တလေးကနေ လှမ်းဆက်တာ။ စိတ်ညစ်ပါတယ်၊ မြကျေး မသွားလည်း သူ့ဟာနဲ့သူ ဖြစ်နေတဲ့ ဥစ္စာ” သူမက စိတ်ပျက်လက် ပျက်အမူအရာနှင့် ဖုန်းကိုပိတ်ကာ ခပ်တွေတွေ လုပ်နေ၏။ “ကဲပါ မြကျေးရယ်၊ နောက်တော့ တွေ့ကြတာပေါ့၊ ကျွန်တော် ဘယ်ကို လိုက်ပို့ ပေးရမလဲ ပြော” “မပို့ပါနဲ့ဆရာ၊ မြကျေး မှာ ကားပါတယ်၊ ဆရာတို့ အိမ်ရှေ့မှာ ရပ်ထားခဲ့တာပဲ” စောစောက အိမ်ရှေ့မှာ ရပ်ထားသည့်ကားကို သူမ၏ ကားဟု မထင်ခဲ့မိချေ။ အိမ်ဘက်သို့ ပြန်လျှောက်ခဲ့ကြပြီး သူမက ငြိမ့်ညောင်း လှပသော ခေတ်ပေါ် မော်ဒယ်မြင့်ကားကြီးကို ကိုယ်တိုင်မောင်း၍ ထွက်ခွာသွားသည်။ သူမက ကားပေါ်မှ လက်ပြ နှုတ်ဆက်သည်ကို ကျွန်တော်က ခေါင်း တစ်ချက်ညိတ်ကာ အသိ အမှတ်ပြု ပေးလိုက်သည်။ “နောက်နေ့မှပဲ ဆရာ့ကို မြကျေး လာခေါ်ဦးမယ်၊ ရန်ကုန် ရောက်နေတုန်း မြကျေးက အိမ်ရှင်ဆိုတော့ ဧည့်ဝတ် ကျေပါရစေ ဆရာ” တစ်နာရီခန့် ကားမောင်းလာပြီးသော အခါ သီးသန့် ခြံဝင်းကျယ်တစ်ခုထဲသို့ ချိုးကွေ့ဝင်လိုက်ပြီး ထီးထီး မားမား ခံ့ညားနေသည့် တိုက်ကြီး၏ ပေါ်တီကို အောက်တွင် ငြိမ့်ခနဲ ထိုးရပ်လိုက်သည်။ ကားပေါ်မှဆင်းပြီး သူမနှင့် အတူ တိုက်အိမ် တံခါးဝသို့ လျှောက်လာစဉ် နီညိုရောင် မှန်တံခါးချပ်ကြီးများက အလိုက်သင့် ဟလာသဖြင့် လှမ်းဝင်လိုက်ကြသည်။ “မြကျေးက နေ့တိုင်းလို အားနေတာပါ ဆရာ။ ဆရာ အားလပ်ရက်ကိုပဲ စောင့်နေရ လို့ အခုမှ ထမင်းဖိတ်ကျွေး ဖြစ်တော့တာ။ စားဖိုမှူး ဒေါ်နန်းက ဟင်းချက်တအား ကောင်းတယ် ဆရာ။ အားမ နာတမ်းနော်၊ အလှစား မဟုတ်ဘူး။ အ၀စား ဟဲ ဟဲ” တကယ်တမ်း ဆိုလျှင် ဟိုတယ်တမျှ ခမ်းနားလှ သော ဤထမင်းဝိုင်းမျိုးကို ကျွန်တော် မမျှော်လင့်ခဲ့။ အစုံ စုံအမည်မည် ဟင်းလျာများမှာ နာမည်ပင်မခေါ်တတ် သောအမည်များလည်း ပါ လိုက်သေးသည်။ သူမ ကိုယ်တိုင် ဟိုကတစ်ဇွန်း၊ သည်က ဇွန်းနှင့် ပန်းကန်ပြားထဲသို့ ထည့်ပေးလာသည်မှာ အမို့ အမောက်၊ စား၍ မကုန်နိုင်စရာ။ “ဆရာ၊ ဒီလို အားလပ်ရက်မျိုးကြုံတိုင်း မြကျေးနဲ့ ဒီမှာစားရမယ်နော်” သူမ၏ လောကွတ်က မဖြစ်မနေ လိုက်နာရန်ချည် ပြီးတုပ်ပြီးသည် အထိ ခရီး ရောက်နေသည်။ ကျွန်တော့် အဖို့ ခေါင်းညိတ်ရခက်၊ ခေါင်းခါရခက်နှင့် ထမင်းကိုသာ ခပ်မဆိတ်လွေးနေ လိုက်သည်။ တကယ်က ကျွန်တော့်၌ ထမင်း လိုက်စားရန် မအားလပ်စရာ မရှိသော်လည်း သဒ္ဓါလွန်း ဆွမ်းတော်တော် မရပ်ဖို့ သတိ မပျက်ခဲ့။ သည်ကြားထဲမှာပင် လေးငါးရက် တစ်ကြိမ်စီလောက် သူမနှင့် အတူ ထမင်းစားဖြစ်သေး သည်။ ကျွန်တော်တို့ နှစ်ဦး ကြားမှာ ဟန်ဆောင်ခြင်းတို့ကို ခ၀ါချ၍ ရသည်အထိ ရင်းနှီးပွင့်လင်း နိုင်ခဲ့ပြီ။ တစ်ကြိမ်တွင်တော့ ကျွန်တော်ကိုယ်နှိုက်က တစ်ရက်လုံးလိုလို အားလပ်နေခဲ့ သဖြင့် သူမနှင့်အတူ သွား လာလည်ပတ်ရင်း ထမင်းစားဖို့ ကြုံလာသည်။ ထိုနေ့က သူမပုံစံသည် ယခင်ကာလ များကထက် ပိုမိုလွတ်လပ် ပေါ့ပါးကာ ပျော်ရွှင်နေပုံရ သည်။ သူမက ကားကိုအိမ်သို့ တန်းမမောင်းသေးဘဲ အချိန်ရသည် ဆိုကာ ပလာဇာ ရှိဆိုင်ခန်းသို့ သွားရန်ပတ် မောင်းလာသည်။ မြကျေးတမာ Gems & Jewellery ဆိုင်ခန်းဆီသို့ လျှောက်လာကတည်းက အစောင့်များက တံခါးကိုအခန့်သင့် ဖွင့်လျက် သူမကို ဦးညွတ်ကာ အရိုအသေပေးကြသည်။ ၀င်လိုက်သည်နှင့် သူ့ နေရာနှင့်သူ အလုပ်လုပ်နေ သူများကပါ အလုပ် တန်းလန်းနှင့် ထရပ်ကာ အပြုံးနှင့် ကြိုဆိုကြသည်။ ကျွန်တော်က သူမ နောက်မှ လိုက်ပါ၍ အိစက်ညက်ညောသော ကော်ဇောခင်းပေါ်နင်း လျှောက်ရင်း ပြိုးပြိုးပြက်ပြက် တောက်ပနေကြ သည့် ကျောက်မျက်များကို ငေးမောကာ စကားဟဟ မဆိုနိုင်တော့ချေ။ ကျောက်မျက်ကောင်တာ တစ်လျှောက် ကြည့်ရှုနေ သူများ၊ ဈေးစကားပြောနေ သူများအပြင် ၀ယ်ယူသူများက ကျောက်မျက်ပညာရှင် များနှင့် ရတီချိန်ခြင်း၊ စစ်ဆေးခြင်း၊ ငွေချေခြင်းများ ပြုလုပ်လျက် ရှိကြသည်။ “အဲဒါ နီလာတွေပါ ဆရာ၊ ဒီဘက်မှာ ကျောက်စိမ်း၊ ဟိုဘက်ကဟာမြ၊ ဥဿဖရားနဲ့စိန်၊ ကျန်တာ တွေက နည်းနည်းပါးပါးပေါ့” “သြော်- အေး အေး” ကျွန်တော်သံယောင် လိုက်ရုံမှ တစ်ပါး- “ကျောက်မျက်ပညာ တွေက အလေ့အကျင့်ရယ်၊ အတွေ့အကြုံရယ် ပေါင်းစပ် ပြီး သင်ယူရတာဆရာ။ အရိုင်းကနေအယဉ်၊ ပြီးတော့ ရွှေနဲ့ပေါင်းစပ်ပြီး အထည် လုပ်တဲ့အထိ တော်တော် ကျယ်ကျယ်ပြန့်ပြန့် လေ့လာ ရတယ်၊ တစ်ထိုင်တည်းမှာ ပြောရင်တော့ ဆရာနားရှုပ် သွားလိမ့်မယ်၊ နောက်မှ ဆရာ့ကို ကျောက်မျက်တွေရဲ့ စိတ်ဝင်စားစရာ အကြောင်းအရာ တွေကို ပြောပြရဦးမယ်၊ ဆရာ့ ဇာတ်လမ်းတွေထဲမှာ ထည့်ရေးလို့ ရလောက်တယ် သိလား” ကျွန်တော်က ခေါင်း တညိတ်ညိတ် လုပ်နေရသည်။ “ဟော- ရှာလိုက်ရတာ မြကျေးရယ်၊ မနေ့ညကလည်း ဖုန်းပိတ်ထားလို့ ဆက်သွယ်တာ မရခဲ့ဘူး။ ဒီ မှာရှိလောက်တယ် ထင်လို့ လိုက်လာတာ” ကျွန်တော်နှင့်သူမထိုင် စကားပြောနေရာသို့ အနောက်တိုင် ၀တ်စုံနှင့် လူရည်သန့် တစ်ယောက် ရောက်လာပြီး သူမကို အမောတကော ပြောလာသည်။ အနှီပုဂ်္ဂိုလ်က ကျွန်တော့်အား ဇဝေဇ၀ါနှင့် အကဲခတ်နေ၏။ “ကိုယ် ဒီညနေပဲ ဦးလေးတို့ ရောက်နေတဲ့ ကျင်း အထိ လိုက်သွားရဦးမယ်။ မြ ကျေး ဘာမှာချင်သေးလဲလို့” ထိုလူက အရေးတကြီး ပြောပြနေသလောက် သူမက အေးစက်စက် အမူအရာနှင့် တုံ့ ပြန်နေ၏။ “သြော်- အင်း၊ ပုံမှန်ပါ ပဲလို့၊ ကိုဇော်မြင့် တွေ့တဲ့ အတိုင်းပဲ၊ မြကျေးဆိုင်ကို ရောက်တာကို ပြောပြလိုက် ဦးနော်၊ အားလုံး စိတ်ချနေ ပါလို့” သူမက ကျွန်တော်နှင့် အတူ ၀င်လာတုန်းကကဲ့သို့ ကြည်ရွှင်ပေါ့ပါး နေပုံမရဘဲ တစ်ချက်တစ်ချက် မျက်မှောင်ကုတ်ကာ တစ်ဖက်လူကို ပြောနေသည်။ မကြာမီ ထိုလူ ထွက်သွားလေ၏။ ထိုနေ့က သူမအိမ်မှာ နေ့လယ်စာ ထမင်းစားပြီးနောက် ကျွန်တော့်ကို ပြန်ပို့ရာ လမ်းတစ်လျှောက်တွင် ကား မောင်းရင်း တည်တည်ငြိမ်ငြိမ် စကားများ ပြောလာသည်။ “အောင်မြင် ပျော်ရွှင်တဲ့ ဘ၀တစ်ခု တည်ဆောက်ဖို့ ဘာတေ လိုအပ်တယ်လို့ ဆရာ ထင်သလဲဟင်” ကျွန်တော်က သူမကို တအံ့တသြ ကြည့်ရင်း တွေးတွေး ဆဆပြောလိုက်သည်။ “မြကျေးကော ဘယ်လို ထင်ထားလဲ၊ ပြောကြည့်ပါ ဦး” သူမထံမှ ရုတ်တရက် အသံထွက်မလာခဲ့။ လေး လေးနက်နက် စဉ်းစားနေပုံရ ၏။ “ဆရာသိတဲ့အတိုင်းပဲ၊ မြကျေးက သင်္ချာနဲ့ ကျောင်း ပြီးလာတာ၊ သင်္ချာဟာ အကြွင်းမဲ့ တိကျတဲ့ သိပ္ပံ ဘာသာရပ်တော့ မဟုတ်ဘူး ဆရာ။ ကိန်းဂဏန်းတွေကို ပေါင်းနုတ်မြှောက်စားလုပ် တဲ့အခါ ထင်ယောင်ကိန်း တွေ၊ ဒသမတွေ၊ လက်တွေ့ ရေးချလို့ မဖြစ်နိုင်တဲ့ ဂဏန်းတွေကိုတောင် မပြတ်မသား လက်ခံ ထားရလေ့ ရှိတယ်။ တစ်ခါတစ်ခါများ ယုတိ္တ ကင်းမဲ့တဲ့ အဖြေ ကိန်းဂဏန်း တွေကို လက်ခံ လိုက်ရလို့ ရယ်တောင် ရယ်ရတယ်” သူမက သူ့စကားနှင့် သူတကယ်ပင် ရယ်သည်။ “ကျွန်တော်တော့ ခပ် ရေးရေးရယ်၊ ပြောပါမြ ကျေး” “မြကျေး အခုဆရာ့ကို မေးတဲ့ မေးခွန်းရဲ့အဖြေဟာကော လူအားလုံးက တညီတညွတ်တည်း သတ်မှတ်ထား တာ ရှိလို့လား” “အင်း မြကျေးပြောမှပဲ ကျွန်တော် အပ်ကျမပ်ကျ စဉ်းစားမိတော့တယ်။ လူအားလုံးက အဖြေတစ်ခု တည်းမှာတော့ မဆုံစည်း လောက်ဘူး” ကျွန်တော့် စကားအဆုံးမှာ ဟာသပြက်လုံး တစ်ခုကို ကြားလိုက်ရသည့်နှယ် သူမ ဟက်ဟက်ပက်ပက် ရယ်ပြန်၏။ ကျွန်တော်လည်း သူမနှင့် အတူ တသောသော ရောယောင် ရယ်မောမိလေသည်။ “ဟင်း ဟင်း အဲဒါပဲ ဆရာ၊ ငွေလိုတဲ့ လူက ငွေရှိ တဲ့လူကို၊ ရာထူးမဲ့တဲ့ သူက ရာထူးရှိသူကို၊ ရုပ်ဆိုးတဲ့ လူက ရုပ်ချောတဲ့ လူကို အောင်မြင် ပျော်ရွှင်စရာ ဘ၀ပိုင်ရှင် လို့ထင်ပြီး အားကျရူးသွပ် နေကြတာ၊ တကယ်က တိကျတဲ့ အဖြေ မဟုတ်ဘူး၊ ဖြစ်နိုင်ခြေကိုပဲ လက်ခံထားကြ တာ မဟုတ်လား” ကားပေါ်မှာ နှစ်ယောက်သား တိတ်ဆိတ် သွားကြပြန်သည်။ “ဆရာ၊ မြကျေး ဘ၀ကို ဘယ်လိုမြင်လဲ” “ဗျာ-” သည်တစ်ခါတော့ ကျွန်တော့်အသံကလိုသည်ထက် ကျယ်လောင်သွားဟန်တူ၏။ တစ်ယောက်မျက်နှာကို တစ်ယောက် ဖျတ်ခနဲ ကြည့်မိ သွားကြသည်။ သူမက မသက်မသာ အပြုံးတစ်ခုနှင့် အတူ သက်ပြင်းရှည် တစ်ခု မှုတ်ထုတ်လိုက်သည်။ “မနက်က ဆိုင်မှာေ တွ့ခဲ့တဲ့ ကိုဇော်မြင့်ဆိုတာ အဖေ့ ရဲ့ အတွင်းရေးမှူးပေါ့။ ကျောက်တွင်း လုပ်ငန်းနဲ့ ကျောက်မျက်ရောင်းဝယ်ရေး တွေမှာ သိပ်အားကိုးရတဲ့ သူ ပါ။ အဖေ အလေးထား ပြောပြောနေတဲ့ အားကိုးအားထား ပြုလောက်စရာ အရည်အချင်း ရှိသူပေါ့။ ဒါပေမဲ့ မြကျေးက သူ့လို သက်မဲ့ပစ္စည်း တွေအပေါ် စီမံခန့်ခွဲရတာကို သိပ်ပျင်းတယ်။ အဲဒီလူတွေ ကိုလည်း ရိုဘော့တွေလို့ မြင်တယ်။ မြကျေးက အတွေး အမြင်တွေရှင်သန်ဖို့ စူးစူးရှ ရှနဲ့ စိတ်ကွန့်မြူးရတဲ့ အနုပညာ ဖန်တီးမှုတွေကို အားကျတယ် ဆရာ။ အဆုံးမရှိ သိမ်မွေ့ လှပတဲ့ ခံစားမှုတွေကို အနုပညာကပဲ တတ်စွမ်းနိုင် တယ်လို့ ထင်တယ်” ကျွန်တော်လည်း ရှေ့တူ ရူရှိ အဝေးဆုံး တစ်နေရာသို့သာ ကြည့်လျက်ငြိမ်ဆိတ်စွာ လိုက်ပါလာခဲ့သည်။ သူမ လည်း စကားပြော ရ၍ မော သွားတာလား၊ အတွေးရေ လျဉ်မှာ လွင့်မျောနေသည် လားမသိ တိတ်ဆိတ် နေချေ၏။ “မြကျေးလည်း အောင်မြင် ပျော်ရွှင်တဲ့ဘ၀မျိုး ပိုင်ဆိုင်ချင်တာဟာ အတ္တမဟုတ် ဘူးလို့ ထင်တယ်ဆရာ။ ရသင့် ရထိုက်တဲ့ ကိုယ်ပိုင် အခွင့်အရေးပဲမဟုတ်လား။ ဒီ အတွက် မြကျေးမှာရုပ်ဝတ္ထု ကိန်းဂဏန်းတွေနဲ့ ကစားဖို့ မလိုတော့ဘူးလေ။ လူတိုင်း အောင်မြင်ပျော်ရွှင်တဲ့ဘ၀ကို မျှော်ကိုး ဆောင်ရွက်ခွင့်ရှိသလို မြကျေးလည်း သာမန်လူ သားတစ်ယောက်အနေနဲ့ ကိုယ့်စိတ်ကြိုက် ရွေးချယ်ချင်တယ်။ ဆရာ့ရဲ့ အသစ် အသစ်သော အနုပညာဖန် ဆင်းမှုတွေကြားမှာများ မွေ့ပျော်ခွင့် ရခဲ့ရင်-” သူမက ကျွန်တော့်ကို အပြောကောင်းသူဟု ဆိုလေ့ ရှိသည်။ ကျွန်တော်ကမူ အကောင်းကိုသာ ပြောခြင်း ဖြစ်သည်ဟု ချေပခဲ့သည်။ မည်သို့ပင် ဖြစ်စေသည် အချိန်ဆိုလျှင် ဦးလေးထံတွင် ထားခဲ့သော စာကို သူမ ဖတ် နေလောက်ပြီဟု ကျွန်တော် အတပ်သိနေ၏။ သည်ကနေ့ ကျွန်တော်နှင့် သူမတို့ ခံစားမှုကိုယ်စီကို ပွင့်လင်းစွာ ဆွေးနွေးဖို့ချိန်း ဆိုထားခဲ့သည် မဟုတ်ပါလား။ သို့ မြကျေး ဒီစာကိုမြကျေး ဖတ်နေချိန်မှာ ကျွန်တော် ကိုယ့်မြို့ကို ပြန်တဲ့ ကားပေါ်မှာ ခရီး နှင်နေတုန်းပဲ ရှိဦးမယ်။ မြကျေးနဲ့ အနီးဆုံးကနေ ဝေးတဲ့ နေရာကို အခုလို ခပ်စိမ်းစိမ်း ထွက်ခွာခဲ့တာကိုက မြကျေးအတွက် အနု ပညာတစ်ခု ဖန်တီးပြီး အောင်မြင်ပျော်ရွှင်တဲ့ ဘ၀ဖြစ်အောင် ကျွန်တော် ပေးဆပ်လိုက်တာပါ။ မြကျေး ပြောပြဖူးတယ် နော်။ အခြားကျောက်မျက်တွေဟာ အရောင်အမျိုးမျိုး ရှိကြတယ်။ စိန်ကတော့ ထူးထူးခြားခြား အဖြူရောင် တစ်ခုတည်းကိုပဲ ပိုင်ဆိုင်ထား တယ်လို့လေ။ စိန်ဟာ အဲဒီ အဖြူရောင်ကြောင့်ပဲ အခြား ကျောက်မျက်တွေထက် တန်ဖိုး ထူးကဲမြင့်မားတယ်လို့။ တကယ်တော့ မြကျေးရေ၊ အဖြူသက်သက် အရောင် ဆိုတာ ရောင်စဉ် ခုနစ်မျိုး ပါဝင် ဖွဲ့စည်းတယ်လို့ သိပ္ပံပညာ ရှင်ကြီး နျူတန်က သက်သေ ပြနိုင်ခဲ့တယ် မဟုတ်လား။ ကျွန်တော့် ၀တ္ထုတွေ ဆိုတာကလည်း စိတ်အရောင်အမျိုးမျိုး ကို ဖွဲ့စည်းပြီး မှန်ကန်ခြင်း သစ္စာတရားဆိုတဲ့ အဖြူရောင် တစ်ခုတည်းကိုပဲ ရရှိအောင် ထုတ်လုပ် ထားရတာပါ။ မြကျေးက ကျွန်တော့်ကို အထင်ကြီး လေးစားလာ ခဲ့တာကလည်း မြကျေးကိုယ် တိုင်ဝတ္ထုထဲက အဖြူရောင် သစ္စာတွေကို တွေ့ရှိခဲ့လို့ပါပဲ။ အဲဒီလိုမျိုး စာပေ အနုပညာဖန်တီးတဲ့ ကျွန်တော့် နှလုံးသားမှာ မြကျေးက အရောင်ခြယ်မှုန်းခဲ့ပေမယ့် ကျွန်တော့်ဘက်က အခုလို အဖြူသက်သက်ပဲ ထင်ဟပ် ပြလိုက်တာဟာ မြကျေး အထင်ကြီးခဲ့တဲ့ အဖြူရောင် ကို အညှိုးအမှိန် မခံနိုင်လို့ပါ။ ကျွန်တော့်မှာ သာမန် အခြေအနေထဲက မိန်းကလေး တစ်ယောက်နဲ့ ရည်ရွယ်ထား ဖို့ရှိပါတယ်။ အဲဒီမိန်းကလေး နဲ့ အစစအရာရာပြည့်စုံတဲ့ မြ ကျေးကို အလဲအလှယ်လုပ် ရင်ကောင်းမလားလို့ စဉ်းစား ပြီး ကျွန်တော် ခက်ခဲမွန်း ကျပ်ခဲ့တာ အမှန်ပါ။ ဒါပေမဲ့ စာရေးဆရာဟာ စာကိုတော့ အကောင်းပဲ ရေးနေပြီး ကိုယ်တိုင်က ဖောက်ပြန်နေလို့ မဖြစ်ဘူး ဆိုတဲ့ အဖြေကိုပဲ ရခဲ့တယ်။ မြကျေးအပေါ်မှာ ကျွန်တော် ဖောက်ပြန်မိခဲ့ရင် ကျွန်တော် ဖန်တီးတဲ့ စာပေအနုပညာ ဟာလည်း ရိုးသားတော့မှာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အနု ပညာဖန်တီးမှုပါရမီကို ကိုယ် ရိုက်ချိုးခဲ့ရင် ရှင်လျက်နဲ့ သေ နေတော့မှာ။ အဲဒါ ကျွန်တော့် နှလုံးသားထဲက စိန်နဲ့တူတဲ့ စာပေသစ္စာကို ထိန်းသိမ်း လိုက်တာပဲ မြကျေး။ အဲဒီ သစ္စာဟာ ကျွန်တော်နဲ့ မြကျေး အပါ အ၀င် စာဖတ်သူတွေရော ကမ္ဘာသူ ကမ္ဘာသားအားလုံး အောင်မြင် ပျော်ရွှင်စေမယ့် တစ်ခုတည်းသော အမြုတေ ရတနာဖြစ်တယ်။ မြကျေးက ထက်မြက်တဲ့ မိန်းကလေးပါ။ ပြည့်စုံပြီးသား ရုပ်ဝတ္ထု ပစ္စည်းတွေပေါ် မှာ သစ္စာတရား ထပ်လောင်းလို့ ကိုဇော်မြင့်နဲ့ အတူ အောင်မြင်ပျော်ရွှင်တဲ့ ဘ၀ကို ဖန်တီးနိုင်ဖို့ သေချာပါတယ်။ မြကျေး အကြိုက်ဝတ္ထု တစ်ပုဒ် မရေးဖြစ်ခဲ့ပေမယ့် မြကျေး ဘ၀ကို လမ်းမှန်ပြပြီး အရောင်တင် ပေးနိုင်တဲ့ အဖြူ ရောင် သစ္စာဝတ္ထုတစ်ပုဒ်ရေး ဖြစ်လိုက်တယ်လို့ ယူဆကြ ရင်း တစိမ့်စိမ့် ကျေနပ်ပျော် ရွှင်ကြစို့ရဲ့။ မြကျေးရဲ့ကျွန်တော် အားလုံးသောချစ်ခြင်း အပြစ်ကင်းကြပါစေ။ လှမြင့်အောင်၊တောင်ကုတ်၊ (ရွှေအမြုတေ မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၁) http://www.shweamyutay.com မှ ကူးယူတင်ပြအပ်ပါသည် ။ |
WARNING !
Sunday, 9 October 2011
သူမက ရုပ်ချောချော ကျွန်တော်က အပြောကောင်းကောင်း
Labels:
အချစ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment